ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ၊ မိဘပြည်သူများအားလုံး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ၊ မိဘပြည်သူများအားလုံး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရမည်



နေပြည်တော်၊ မေ ၁၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ၁၄-၆၂၀၂၄ ရက်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းဖြင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေး ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက မေ ၂၃ ရက်မှစ၍ ကျောင်းအပ်နှံရေးသီတင်းပတ် စတင်မည်ဖြစ်ရာ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ၊ မိဘပြည်သူများအားလုံး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဇွန် ၃ ရက်တွင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် ကျောင်းများအားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းမဖွင့်မီ လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း။


သင်ခန်းစာများ ကောင်းမွန်နိုင်နင်းစွာ ပို့ချနိုင်ရေးအတွက် ပို့ချမည့်အစီအစဉ်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်လိုပါကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်မည့် အမျိုးသားအားကစား ပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရန် တစ်နိုင်ငံလုံးရှိအခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဆရာအတတ်ပညာ ကျောင်းများ စတင်ဖွင့်လှစ်သည့် ဇွန်လတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်အားကစား စသည့်အားကစားနည်းပြိုင်ပွဲများကို ကျင်းပကြရမည်ဖြစ်ပြီး ဇူလိုင်လတွင် ဗဟိုအဆင့်ပြိုင်ပွဲများကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများ၌ ကျောင်းစာကြည့်တိုက်တွင် စာဖတ်ရန်အတွက် စာကြည့်တိုက်အချိန် ထည့်သွင်းထားပြီးဖြစ်ပါကြောင်း၊ ဆရာ ဆရာမ များအနေဖြင့် မိမိတို့ ကျောင်းသား ကျောင်းသူများ အမှန်တကယ်ပညာတတ်စေရေး၊ ယဉ်ကျေးလိမ္မာ၍ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ် စိတ်နှင့် မျိုးချစ်စိတ်ရှိသူများ ဖြစ်စေရေးအတွက် ပြုစုပျိုးထောင်သင်ကြားပေးကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက မိမိတို့တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များရှိ ပညာရေးဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ပြည့်မီရေး၊ အချိန်မီပြီးစီးရေးအတွက် ကြီးကြပ်ဆောင်ရွက်ကြရန် မှာကြားသည်။


ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ် ပညာကဏ္ဍရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်း များနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)