မြန်မာနိုင်ငံရဲ့ နျူကလီးယားစွမ်းအင် မျှော်လင့်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံရဲ့ နျူကလီးယားစွမ်းအင် မျှော်လင့်ချက်




၂၀၂၀ ရွေးကောက်ပွဲမှာ NLD က မဲလိမ်မဲခိုးပြီး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ရယူဖို့ ကြိုးစားခဲ့တာကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်း တာဝန်ယူရတဲ့ အခြေအနေတစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ပါတီ က CRPH, NUG, PDF အစရှိသော အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်းပြီး တိုင်းရင်းသားလက်နက်ကိုင်ဆိုသူများနဲ့ ပူးပေါင်းကာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အစဉ်သဖြင့် ဆောင်ရွက်ခဲ့ပါတယ်။ NLD ပါတီက ပေါ်ပေါက်လာတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ ကာလမှာ တပ်မတော်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အကြမ်းဖက်ဘေးအန္တရာယ် ကာကွယ်ရေးကို ဆောင်ရွက်ရသလို တိုင်းပြည်ရဲ့ လိုအပ်ချက် ဖြစ်တဲ့ စွမ်းအင်ကဏ္ဍမှာလည်း အဘက်ဘက်ကနေ ကြိုးပမ်းလုပ်ဆောင်နေတဲ့ အခြေအနေကို မြင်တွေ့ရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ရုရှားနိုင်ငံမှာ ကျင်းပတဲ့ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum -2022)သို့တက်ရောက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ 

၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့က တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က  လာမည့် ၂၀၂၃ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်  မြန်မာနိုင်ငံတို့၏ သံတမန် ဆက်ဆံရေး ၇၅ နှစ် ပြည့်မြောက်မည်ဖြစ်ပြီး  ဂုဏ်ပြုအခမ်းအနား ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည် အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံ၏ ဆက်ဆံ ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများသည် အလွန်တိုးတက်ကောင်းမွန်လျက်ရှိကြောင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အလားအလာ ကောင်း များစွာကို တွေ့မြင်နေရကြောင်း၊ ယခုကဲ့သို့ အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ လာရောက် တက်ရောက်သည့်အတွက်လည်း များစွာကျေးဇူးတင်ရှိကြောင်းဖြင့် ဦးစွာ ပြောကြားခဲ့ပါတယ်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်သမ္မတကြီး ပြောကြားခဲ့သကဲ့သို့ပင် မိမိတို့ နှစ်နိုင်ငံ၏ ဆက်ဆံရေးသည် ၇၅ နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး ထူးခြားသည့် သမိုင်းကြောင်း ရှိသည့် ဆက်ဆံရေးဖြစ်ပါကြောင်း၊ ဖြတ်သန်းလာခဲ့သည့် ဆက်ဆံရေး သမိုင်းကြောင်း တစ်လျှောက်တွင် အနိမ့်အမြင့်မျိုးစုံရှိခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုမှ စတင်ကာ နှစ်နိုင်ငံ ဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပါကြောင်း၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံသည် သမိုင်းကြောင်း အစဉ်အလာကြီးမားသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်တွင် ရုရှားနိုင်ငံအနေဖြင့် အကြပ်အတည်းများဖြင့် ရင်ဆိုင်ခဲ့ရသည်ဖြစ်သော်လည်း အဆွေတော် သမ္မတကြီး တာဝန်ယူသည့် ဆယ်စုနှစ်ကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် အလွန် တိုးတက်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိလာသည်ကို မျက်ဝါး ထင်ထင် တွေ့မြင်ရပါကြောင်း၊  အဆွေတော်အနေဖြင့် ကမ္ဘာ့အရေးကိစ္စ မှန် သမျှကို သမာသမတ်ကျစွာဖြင့် ဆောင်ရွက်လျက်ရှိသည်ကို မိမိတို့အနေဖြင့် တွေ့မြင် ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြင့် ပြောကြားခဲ့ပါတယ်။

အဲဒီ တွေ့ဆုံဆွေးနွေးမှုမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တို့အကြား သံတမန်ဆက်ဆံမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်ရေး၊ သိပ္ပံနှင့် နည်းပညာ ကဏ္ဍ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အာကာသနှင့် ဂြိုလ်တုနည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အပြန်အလှန်တိုးတက်လာစေရေး၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံစေရေး ဖိတ်ခေါ်မှုများ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတွင် အသုံးချနိုင်ရေးတို့ အပါအဝင်  ကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အသေးစိတ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်  နျူကလီးယားစွမ်းအင်မျှော်လင့်ချက်က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ မှာ ရောင်ခြည်ပျိုးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စူစမ်းလေ့လာတိုင်းတာမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးနှင့်ပါတ်သက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ROSATOM ကုမ္ပဏီနှင့်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MOU) ရေးထိုးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၂ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပသည့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၂) (XII International Forum ATOMEXPO 2022) သို့ တက်ရောက်သည့်ခရီးစဉ်အတွင်း အထက်ပါစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့မှာ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲကို ရန်ကုန်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာ - ရုရှား နျူကလီးယားနည်းပညာဆိုင်ရာ ဆွေးနွေးဆောင်ရွက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတာကိုလည်း တွေ့မြင်ရပါတယ်။

နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာ ဖွင့်ပွဲအထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာဖွံ့ဖြိုး တိုးတက် ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများနှင့် ကူညီထောက်ပံ့ပေးမှုများအတွက် ROSATOM အဖွဲ့အစည်းကို မြန်မာနိုင်ငံကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံတွင် နျူကလီးယား နည်းပညာဆိုင်ရာ အသိပညာများ ပြန့်ပွားနိုင်ရေးအတွက် အဓိကကျ သည့် နျူကလီးယား နည်းပညာသတင်းအချက်အလက်စင်တာ ဖွင့်လှစ်နိုင်သည်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)တို့အကြား ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုအပေါ် နားလည်မှုစာချွန်လွှာ ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားနိုင်ငံပိုင် အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” က CEO တို့က St. Petersburg မြို့၌ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၈)ရက်တွင် လက်မှတ်ရေးထိုးခဲ့မှုမှ အစပြုခဲ့ခြင်း ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ROSATOM တို့အကြား နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင် ရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သည့် သဘောထားအမြင်များ ရရှိလာစေရေးအတွက် နားလည်မှု စာချွန်လွှာ (၂) စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း။

ယခုနျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်လှစ်ပြီးပါက ပြည်သူလူထုမှ နျူကလီးယားစွမ်းအင်နှင့် ပတ်သက်ပြီး နားလည်သဘောပေါက် လာစေရန်အတွက် နျူကလီးယား နည်းပညာဆိုင်ရာ အသိပညာပြန့်ပွားရေး လုပ်ငန်းများကို အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊ စင်တာတွင် ကျောင်းသားလူငယ်တွေသာမက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ များပါ နျူကလီးယားစွမ်းအင်ဆိုင်ရာ ဗဟုသုတများကို ရရှိနိုင်မည်ဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေးကဏ္ဍများအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့မြန်မာနိုင်ငံတော်အတွင်းရှိ မိဘပြည်သူများ အနေဖြင့် လည်း ခေတ်မီနျူကလီးယားနည်းပညာများကို လေ့လာရန် အခွင့်အလမ်းများ ရရှိလာ မည်ဖြစ်ပြီး ပြည်သူလူထု၏ နျူကလီးယားစွမ်းအင်အပေါ် အပြုသဘောဆောင်သည့် သဘောထားအမြင်များ ရရှိလာမည်ဖြစ်ပါကြောင်း၊ နျူကလီးယားစွမ်းအင်နယ်ပယ်ကို ကဏ္ဍပေါင်းစုံတွင် ကျယ်ပြန့်စွာ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ပြီးခဲ့သည့်လတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ National Research Nuclear University MEPHI တက္ကသိုလ်မှ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များရှိ အခြေခံပညာ အထက်တန်းကျောင်းများနှင့် အဓိကနည်းပညာတက္ကသိုလ်များကို လာရောက်လေ့လာပြီး MEPHI တက္ကသိုလ်၌ သင်ကြားနိုင်သည့် ဘာသာရပ်များ၊ ပညာသင်လျှောက်ထားနိုင်မှုများ၊ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြင့် နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ရာတွင် တစ်တပ်တစ်အား ဖြစ်စေပါကြောင်း။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (7th Eastern Economic Forum-EEF) ကာလအတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် “ROSATOM” တို့အကြား ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး လမ်းပြ မြေပုံကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ယနေ့တွင်လည်း နျူကလီးယား နည်းပညာ အသုံးချနယ်ပယ်(၁၄)ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးတော့မည် ဖြစ်ပါကြောင်း။

နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာများကို ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် နိုင်ငံ၏ နျူကလီးယားအခြေခံအဆောက်အုံ တည်ထောင်နိုင် ရေးနှင့်ပတ်သက်၍ နှစ်ဖက်ကျွမ်းကျင်သူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးကာ လိုအပ်သည့် နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာလုပ်ငန်းများကို ဆန်းစစ်လေ့လာပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ မှတ်တိုင်ပါ အချက်(၁၉)ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ထို့အတွက်လည်း အမျိုးသားအဆင့် နျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက အဆင့်မြင့်အရာရှိကြီးများနှင့် ဆွေးနွေးညှိနှိုင်းမှုများကို မကြာသေးမီက ပြုလုပ်ခဲ့ကြပါကြောင်း။

မြန်မာ့နျူကလီးယားအစီအစဉ်ကို ပံ့ပိုးပေးသည့် ROSATOM အဖွဲ့အစည်း သည် ရုရှားဖက်ဒရေးရှင်းနှင့် ပြည်ပနိုင်ငံများတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာ၌ လုံလောက်သည့် အတွေ့အကြုံကောင်းများ၊ ကျွမ်းကျင်မှုများရှိသည့် အဖွဲ့အစည်း ဖြစ်သည့် အတွက် ROSATOM ၏အကူအညီဖြင့် ယခုစင်တာထူထောင်နိုင်သည်ကို မိမိအနေဖြင့် များစွာနှစ်ထောင်းအားရ ဖြစ်မိပါကြောင်း၊ ထို့ပြင် ROSATOM ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံတွင် Small Modular Reactor (SMR) တည်ဆောက် လည်ပတ်ရေးနှင့် ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်များကို မြှင့်တင်နိုင်မည် ဖြစ်သည့်အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ပြီး နျူကလီးယားစွမ်းအင်ကို လုံခြုံစိတ်ချစွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း။

ROSATOM နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံ၏စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် ROSATOM က တာဝန်ရှိသူများကို မိမိအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်အနာဂတ်တွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ရည်မှန်းထားပါကြောင်း ဖြင့် ပြောကြားခဲ့ပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်က ပြောကြားရာတွင် ၇၅ နှစ် ပြည့်မြောက်လာခဲ့ပြီဖြစ်သည့် ရုရှား- မြန်မာ ဆက်ဆံရေးသမိုင်းကြောင်း၌ ယနေ့သည် အခန်းကဏ္ဍအသစ်တစ်ခုကို စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ ယခု စင်တာတွင် ရုရှားဖက်ဒရေးနိုင်ငံ၏ နျူကလီးယားနည်းပညာနယ်ပယ်တွင် အောင်မြင် မှုများကိုသာမက သိပ္ပံပညာ၊ ပညာရေးနှင့် ယဉ်ကျေးမှုတို့ကိုလည်း လေ့လာတွေ့ရှိနိုင် မည်ဖြစ်ပြီး နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်မှု၊ စက်ရုံတည်ဆောက် ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနှင့် ဒေသခံနယ်မြေ၏ လူနေမှုပတ်ဝန်းကျင် အပေါ် အကျိုးသက်ရောက်စေနိုင်မှုတို့ကို နားလည်စေနိုင်မည်ဖြစ်ပါကြောင်း။

ယခုစင်တာမှ ရရှိမည့် အသိပညာများသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမှုနှင့် ပတ်သက်သည့် နည်းပညာများကို ရရှိစေရန် အထောက်အကူဖြစ်စေမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ယင်းအသိပညာများကို အခြေခံပြီး မြန်မာ နိုင်ငံတွင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး ဆက်လက် ဆောင်ရွက်မှုများတွင် ကောင်းမွန်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်လာမည်ဖြစ်ကြောင်း၊ နျူကလီးယား နည်းပညာ အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးတို့တွင် များစွာ အကျိုးဖြစ်ထွန်း စေမည်ဖြစ်ပြီး သဘာဝသိပ္ပံ၊ ပညာရေးနှင့် နည်းပညာသင်ကြားရေးတို့ ဖွံ့ဖြိုးတိုးတက် မှုအတွက်လည်း အားကောင်းသည့် တွန်းအားတစ်ခုဖြစ်လာမည်ဖြစ်ကြောင်းကို ရည်ညွှန်းလိုပါကြောင်း။

ရုရှား-မြန်မာ နျူကလီးယား ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ပေးခဲ့သည့် အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ရေးကိစ္စရပ်များတွင် အရည်အချင်းပြည့်မီသည့် ကျွမ်းကျင်ပညာရှင်များ လိုအပ်မည်ဖြစ်ပြီး ပညာရှင်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများတွင်လည်း မိမိတို့အနေဖြင့် သဘောတူညီမှု ရရှိထားပြီးဖြစ်ပါ ကြောင်း၊ မိမိတို့အနေဖြင့် နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ် သက်၍ ရလာဒ်နှင့် အရည်အသွေးကို စိတ်ကျေနပ်မှုရရှိစေရေး အစွမ်းကုန် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားချက်အရ နျူကလီးယားစွမ်းအင် အသုံးပြုနိုင်ရေး ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၈)ရက်တွင် လက်မှတ်ရေးထိုးခဲ့မှုမှ အစပြုခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်ကို ထောက်ထားခြင်း အားဖြင့် NLD အစိုးရလက်ထက်မှာ အနောက်အုပ်စုက အကြံပေးတွေရဲ့ ဝင်ရောက်ခလောက်ဆန်မှုကြောင့် ဒီကိစ္စကို ဆက်လက်အကောင်အထည်မဖော်နိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် (သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်) က စပြီး ဒါကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆိုရင် လျှပ်စစ်ကဏ္ဍနဲ့ ပတ်သက်လို့ ယနေ့အချိန်မှာ ပြည်သူတွေရဲ့ ညည်းတွားသံ ကြားရလိမ့်မယ် မထင်ပါဘူး။

အခုဆိုရင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဆိုရင် နျူကလီးယားဓာတ်အားပေးစက်ရုံကို ရုရှားကပဲ လာရောက်ဆောင်ရွက်ပေးထားပြီး အနေအထားဖြစ်ပါတယ်။ မြန်မာနိုင်ငံက အစပျိုးမှုအပိုင်းမှာ လက်ဦးမှု ရခဲ့သော်လည်း အနောက်အုပ်စုရဲ့ သြဇာခံ ပြည်ဖျက်မိစ္ဆာများရဲ့ လက်ချက်ကြောင့် ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

ဒီနေရာမှာ စာရေးသူအနေနဲ့ ဖြည့်စွက်ပြောချင်တာကတော့ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်လာမှာကို မလိုလားတဲ့ ဒေသတွင်းနိုင်ငံတချို့ရှိသလို အနောက်အုပ်စုနိုင်ငံတွေကလည်း သူတို့အလိုကျ ခြယ်လှယ်နိုင်ဖို့ အစဉ်သဖြင့် ကြိုးပမ်းနေကြခြင်း ဖြစ်ပါတယ်။ အနောက်အုပ်စုရဲ့ သြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ အာဘော်တွေကို အများပြည်သူက ယုံကြည်နေကြတာမျိုးလည်း ရှိပါတယ်။ အဲဒီလို မှားယွင်းမှုတွေကြောင့် အဘက်ဘက်က နိမ့်ပါးနေရတဲ့ အခြေအနေကိုလည်း သိရှိနားလည်ကြဖို့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။ ပြည်သူများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို အပြုသဘောဆန်ဆန် ရှုမြင်ပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို အလေးထား တွန်းအားပေးကြရမှာ ဖြစ်ပါတယ်။ နျူကလီးယားစွမ်းအင် မျှော်လင့်ချက်ရောင်ခြည်ကတော့ ထွန်းလင်းခဲ့ပြီ။ အကောင်အထည်ပေါ်ဖို့ကို မျှော်လင့်စားလျက် . . . 


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)