အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (၁၄) ကြိမ်မြောက်အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (၁၄) ကြိမ်မြောက်အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော်၊ မေ ၃

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ (၁၄) ကြိမ်မြောက်အစည်းအဝေးကို ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ဧပြီ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့ပြီး အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ် အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန်နှင့် အရာထမ်းတစ်ဦးတို့လည်း လိုက်ပါတက်ရောက်ကြသည်။

(၁၄) ကြိမ်မြောက် အစည်းအဝေးမတိုင်မီ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက် အဝန်းနှင့်စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက် မူကြမ်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။

အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် Mr. Chatoulong Bouasisavath နှင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်စာတမ်း ရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေ နိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အာဆီယံစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းစေရေးတွင် လူ့စွမ်းအားအရင်းအမြစ်နှင့် အရင်းအမြစ်များ စုစည်းအသုံးချရေးအကြား ကွာဟချက်မရှိစေရန်အတွက် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးသာမက သက်ဆိုင်ရာအမျိုးသား အာဆီယံဌာနများ ခိုင်မာအားကောင်းရန်လည်း လိုအပ်ပါကြောင်းနှင့် သက်ဆိုင်ရာမဟာဗျူဟာ စီမံကိန်းများ ရေးဆွဲရာတွင် အထက်မှအောက်သို့ လမ်းညွှန်ခြင်း (Top-Down Guidance) အပြင် အောက်မှအထက်သို့တင်ပြသည့် လုပ်ငန်းစဉ် (Bottom-Up Initiatives)ကိုလည်း ဆောင်ရွက်ရန် လိုအပ်ကြောင်းဆွေးနွေးခဲ့ပြီး မဏ္ဍိုင် (၃) ရပ်လုံးနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၊ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက် အဝန်းမဏ္ဍိုင်နှင့် အာဆီယံပေါင်းစည်းဆက်သွယ် ရေးဆိုင်ရာ ကော်မတီတို့နှင့် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ယင်းလုပ်ငန်းစဉ်များကို သင့်လျော်သည့်ကဏ္ဍတွင် ထည့်သွင်းရေးအကြံပြုဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် အာဆီယံစွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာ အားကောင်းစေရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ အကြံပြုချက်များကို အကောင်အထည်ဖော်ခြင်းတွင် တိုးတက်မှုများကို မှတ်သားခဲ့ကြပြီး အကြံပြုချက်နှင့်အညီ အကောင်အထည်ဖော်ရန်ကျန်ရှိသည့် အဆိုပြုလုပ်ငန်းစဉ်များကို စာရင်းပြုစုတင်ပြရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံးအား တာဝန်ပေးအပ်ခဲ့သည်။

ထို့ပြင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာစီမံချက်၏ ဇယားပုံစံကို စကားပြေပုံစံ ပြောင်းလဲပြင်ဆင်ရန် တာဝန်ပေးအပ်ခဲ့ပြီး အာဆီယံစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းစေရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များ ထည့်သွင်းဖော်ပြမည့်ကဏ္ဍကို သင့်လျော်သည့်အချိန်မှ စဉ်းစားဆုံးဖြတ်ရန် သဘောတူညီခဲ့ကြသည်။

အစည်းအဝေးကာလအတွင်း အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက်ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများနှင့် အာဆီယံပေါင်းစည်းဆက်သွယ်ညှိနှိုင်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌများနှင့် မျက်နှာစုံညီအစည်းအဝေးပြုလုပ်ရာ သက်ဆိုင်ရာမဏ္ဍိုင်များမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာမဏ္ဍိုင်အလိုက် မဟာဗျူဟာစီမံကိန်းများရေးဆွဲမှု၏ တိုးတက်မှုများကို ရှင်းလင်းဆွေးနွေးကြပြီး မဟာဗျူဟာစီမံချက်များ ရေးဆွဲမှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ထို့နောက် အာဆီယံစွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်းစေရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် မဏ္ဍိုင်(၃)ရပ်လုံးနှင့် သက်ဆိုင်ရာလုပ်ငန်းစဉ်များအား ထည့်သွင်းဖော်ပြမည့်ကဏ္ဍ သတ်မှတ်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့သည် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ် အလွန်မျှော်မှန်းချက်ဆိုင်ရာ ဟနွိုင်းကြေညာချက် နှင့် လမ်းပြမြေပုံနှင့်အညီ အာဆီယံအသိုက်အဝန်း မဏ္ဍိုင်(၃)ရပ်တို့အကြား နီးကပ်စွာ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် (၂၀၄၅) ရေးဆွဲရန်အတွက် ၂၀၂၂ ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)