ကျောင်းများမဖွင့်နိုင်ခဲ့သည့် အချို့ဒေသများတွင် ကျောင်းများအားလုံး အပြည့်အဝပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်း လက်တွဲကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းများမဖွင့်နိုင်ခဲ့သည့် အချို့ဒေသများတွင် ကျောင်းများအားလုံး အပြည့်အဝပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်း လက်တွဲကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပြောကြား


နေပြည်တော်၊ မေ ၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ၃-၅-၂၀၂၄ ရက်နေ့က နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်း ဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် အွန်လိုင်းမှ တွေ့ဆုံသည့် အစည်းအဝေးတွင် ကျောင်းများမဖွင့်နိုင်ခဲ့သည့် အချို့ဒေသများတွင် ကျောင်းများအားလုံး အပြည့်အဝပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်း လက်တွဲကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြ သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဇွန် ၃ ရက်တွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်နှင့် ကျောင်းများအားလုံး တစ်ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းမဖွင့်မီ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကျောင်းများမဖွင့်နိုင်ခဲ့သည့် အချို့ဒေသများတွင် ကျောင်းများအားလုံး အပြည့်အဝပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်း လက်တွဲကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဧပြီ ၂၂ ရက်တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရန် တစ်နိုင်ငံလုံးရှိ အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဆရာအတတ်ပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ဇွန်လတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်အားကစားစသည့် အားကစားနည်းပြိုင်ပွဲများကို ကျင်းပကြရမည်ဖြစ်ပြီး ဇူလိုင်လတွင် ဗဟိုအဆင့်ပြိုင်ပွဲများကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ သြဂုတ်လတွင် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ရာ အဆင့်မြင့်ပညာမှ နှစ်သင်း၊ ဆရာအတတ်ပညာမှ နှစ်သင်း စုစုပေါင်းလေးသင်းဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် စာသင်ကြားရုံသာမက အားကစားချိန်တွင် အမှန်တကယ် အားကစားပြုလုပ်ကြရန်နှင့် ကျောင်းစာကြည့်တိုက်တွင် စာဖတ်ရန် အချိန်ဇယားတွင် ထည့်သွင်းရေးဆွဲ ကျင့်သုံးကြရမည်ဖြစ်ပါကြောင်း၊ အချို့သောနယ်မြေများရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များအားလုံး ဇွန်လတွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် ပထမနှစ်ကျောင်းသား ကျောင်းသူကို လူရည် ချွန်များ ပြန်လည်ရွေးချယ်ခေါ်ယူမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပရောဂျက်အခြေပြု သင်ကြားသင်ယူမှုစနစ် အောင်မြင်အောင် ကြီးကြပ်ရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု MSME ဆိုင်ရာ သုတေသန လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရေး၊ နွေးထွေးသော အထက်အောက် ဆက်ဆံရေး ထူထောင်ရေးတို့ကို မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုမှတ်တမ်းများ ပေးပို့ရန်အတွက် မှာကြားသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)