နေပြည်တော်၊ မေ ၂၂
သာသနာတော်နှစ် ၂၅၆၈ နှစ် အထိမ်းအမှတ် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သံဃာတော်အပါး(၁၀၂၇၂) ပါးတို့အား ဆွမ်းနှင့် နဝကမ္မလှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခြင်းမဟာမင်္ဂလာကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ ကျုံး အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်တို့ရှိ သတ်မှတ်မင်္ဂလာမဏ္ဍပ်များတွင် တစ်ချိန်တည်း တစ်ပြိုင်တည်းပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဘက် အကျိုးတော်ဆောင်၊ ဓမ္မိကာရာမတိုက်၊ ရတနာပုံကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့်အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်များနှင့် စေတနာရှင်ပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ မန္တလေးကျုံးတောင်ဘက်(တောင်ပြင်) မင်္ဂလာမဏ္ဍပ်၌ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ တွဲဘက်အကျိုးတော်ဆောင်၊ ဓမ္မိကာရာမတိုက်၊ ရတနာပုံကျောင်း ဆရာတော် ထံမှ ငါးပါးသီလခံယူ ဆောက်တည်တော်မူကြပြီး ဆရာတော် သံဃာတော် ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်း ဆရာတော် ဘဒ္ဒန္တ တိက္ခိန္ဒြိယာဘိဝံသ ထံမှ အနုမောဒနာ ရေစက်ချ တရားနာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment