တာမွေမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိ






တာမွေ    ၊  မေ     ၂၃

“ ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ဆောင်ပုဒ် အတိုင်း မိမိတို့နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် မျိုးဆက်သစ် လူငယ်လူရွယ်လေးများ အနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတပြည့်စုံကြွယ်ဝသော နိုင်ငံ၏ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်  နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-ခုနှစ် မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ အခြေခံပညာအဆင့်  ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်း အချိန်မှစတင်ကာ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အသက်(၅)နှစ်ပြည့်သည့် ကလေးဆိုလျှင် (KG)၊ အသက်(၆)နှစ်ပြည့်သည့် ကလေးဆိုလျှင် (Grade-1)ဆိုပြီး မိဘရဲ့ သဘောဆန္ဒအတိုင်း ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားအသစ်တွေအတွက် ဆိုလျှင် မွေးစာရင်းပြသဖို့ လိုအပ်ပါကြောင်း၊ ကျောင်းကိုလည်း လျှောက်လွှာနဲ့အတူတွဲတင်ပြဖို့ မိတ္တူတစ်စောင် လိုအပ်ပါကြောင်း၊ တစ်ခြားကျောင်းတွေကနေ ပြောင်းရွှေ့လာတဲ့ ကျောင်းသားအသစ်တွေအတွက်ဆိုရင် ကျောင်း ထွက်လက်မှတ်ပြသဖို့ လိုအပ်ပါကြောင်း၊ လတ်တလော ကျောင်းထွက်လက်မှတ်ယူဖို့ အခက်အခဲရှိလျှင် ကျောင်းက ကျောင်းထောက်ခံစာနဲ့ပဲ ယာယီလက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းထွက်လက်မှတ်ကိုတော့ အဆိုပါ ကျောင်းကနေ တောင်းပေးရမည်ဖြစ်ပါကြောင်း၊ ကျောင်းထွက်လက်မှတ် မပါခဲ့လျှင် စာမေးပွဲဖြေဆိုခွင့်ပေးလို့မရ ပါကြောင်း၊ ကျောင်းဝင်မှတ်ပုံတင်စာရင်းမှာလည်း ကျောင်းထွက်လက်မှတ် မပါတဲ့အတွက် စာရင်းသွင်းလို့မရပါ ကြောင်း၊ အရမ်းကို ကျောင်းထွက်လက်မှတ်ယူဖို့ ခက်ခဲနေမယ်ဆိုရင်တော့ ကျောင်းထောက်ခံစာပါကို ပါရမှာဖြစ်ပါ ကြောင်း၊ ကျောင်းသားတွေက ဘယ်လိုနေရာက လူတွေလည်းဆိုရင်တော့ စစ်ဘေးရှောင်နေရာတွေက ပြောင်းရွှေ့လာ တဲ့သူတွေဖြစ်တဲ့အတွက် သူတို့ကိုတော့ ကျောင်းထောက်ခံစာနဲ့ ယာယီလက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား/သူတွေ အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အထူးဆောင်ရွက်ပေးလျက်ရှိပါကြောင်း စသည်ဖြင့် မြို့နယ်ပညာရေးဌာနက တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်း အပ်လက်ခံဆောင်ရွက်ပေးနေမှု အခြေအနေများအား တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြသည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများအား ၂၀၂၄-ခုနှစ် ဇွန်လ(၃)ရက်နေ့မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရမှ မူလတန်းအဆင့် ကျောင်းသား/ သူလေးများအား ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပြဋ္ဌန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ စသည်တို့ကိုလည်းကောင်း၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/သူလေးများအား ကျောင်းသုံးပြဋ္ဌန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ စသည်တို့ကိုလည်းကောင်း (အခမဲ့) ထောက်ပံ့ပေးသွားမည်ဖြစ်‌ကြောင်း သတင်းရရှိပါသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)