လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး


ကြက်ခြေနီ

ကြက်ခြေနီဆိုသည်မှာ စေတနာ့ဝန်ထမ်းဖြစ်သည်။ ထိုအသင်း၏ အဓိကရည်ရွယ်ချက်မှာ ရှေးဦးသူနာပြုစုနည်းလမ်းဖြင့် လူသားတို့၏ အသက်အန္တရာယ်ကို ကူညီ၊ ကာကွယ်စောင့်ရှောက် ကယ်တင်ခြင်းပင်ဖြစ်သည်။ လူနာတစ်ဦးကို တွေ့ရှိ သောအခါ ဆေးရုံ၊ ဆေးပေးခန်းသို့ ချက်ချင်း သို့မဟုတ် အချိန်ပိုင်းအတွင်း မပို့ဆောင်နိုင်ပါက လူနာ၏အသက်အန္တရာယ်အား အတတ်နိုင်ဆုံး နည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက်ကယ်တင်ခြင်းပင် ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်အခြေအနေအရပ်ရပ်ကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ် များကြားတွင် လူသားတို့၏ အသက်အန္တရာယ်ကို မထိခိုက်စေရန်အတွက် မိမိတို့တတ်စွမ်းသမျှ အသိပညာ အတတ်ပညာတို့ဖြင့် အရေးပေါ်ကူညီဆောင်ရွက်ခြင်းသည် ကြက်ခြေနီဟူသော စေတနာ့ဝန်ထမ်းများပင်ဖြစ်သည်။


ကမ္ဘာ့ကြက်ခြေနီနေ့

ကြက်ခြေနီအသင်းကြီး၏ ဖခင်ဟင်နရီဒူးနန့်ကို ၁၈၂၈ ခုနှစ် မေလ ၈ ရက်နေ့တွင် ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့တွင် မွေးဖွားခဲ့သည်။ ၁၈၅၉ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရန် အီတလီ နိုင်ငံသို့ရောက်ရှိခိုက် ဆိုဖာရီနိုစစ်မြေပြင်ကို ကြုံတွေ့ခဲ့ရသည်။ စစ်မြေပြင်တွင် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသော စစ်သားများအား ကူညီပေးမည့်သူမရှိဘဲ စစ်သားများ၏ ညည်းညူသံများကို ကြားခဲ့ရပြီး ရွာအနီးဝန်းကျင်မှ လူအများကိုစုဝေး၍ ပြုစုကူညီပေးခဲ့သည်။ ထို့နောက် နေရပ်ပြန်ရောက်ချိန်၌ ကြုံတွေ့ခဲ့ရသော အကြောင်းအရာများကို A Memory of Solferino စာအုပ်အား ရေးသားပြုစုခဲ့သည်။ နိုင်ငံ့ခေါင်းဆောင်များအား ထိုစာအုပ်ကို ရေးသား ဖြန့်ဝေပြီးနောက် ၁၈၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC) ကို တည်ထောင်ခဲ့သည်။ ၁၉၀၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့သည်။ ဟင်နရီဒူးနန့် စတင်မွေးဖွားခဲ့သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းသည် ယခုအခါ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၈၈ နိုင်ငံမှ အသင်းဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပေသည်။

နှစ်စဉ်နှစ်တိုင်း မေလ ၈ ရက်နေ့သည် ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြက်ခြေနီနေ့အခမ်းအနားများကို ကျင်းပပြုလုပ်ကြသည်။ လူသားများကြုံတွေ့ခဲ့ရသည့် ကမ္ဘာစစ်ကြီးနှစ်ခုစလုံးတွင် ကြက်ခြေနီများသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်ကို အားလုံးသိပြီးဖြစ်သည်။ မိမိအသက်ကို ပဓာနမထားဘဲ မွန်မြတ် သည့်စိတ်ဓာတ်ဖြင့် ဒဏ်ရာရသူများကို ကူညီကယ်တင်ပေးခဲ့သည့် ကြက်ခြေနီအဖွဲ့ဝင်များ၏ လုပ်ရပ်များလည်း သမိုင်းမှတ်တမ်းတွင် အထင်အရှားဖြစ်သည်။ ကြက်ခြေနီနေ့အခမ်းအနားများကို မေလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ရခြင်းမှာ ထိုနေ့ သည် ဟင်နရီဒူးနန့်ကို ဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ဖြစ်သော မေလ ၈ ရက်နေ့ကို ကမ္ဘာ့ ကြက်ခြေနီနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။


ကြက်ခြေနီအမှတ်တံဆိပ်

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ အမှတ်တံဆိပ်၊ ကြက်ခြေနီအမှတ်အသားဆိုသည်မှာ ဘေးအန္တရာယ်ကျရောက်ချိန်၊ စစ်မက်ဖြစ်ပွားချိန်၌ ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်သော အပြည်ပြည် ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)နှင့် အမျိုးသားကြက်ခြေနီအသင်းများ၊ လူပုဂ္ဂိုလ်များနှင့် တပ်မတော်ဆေးဝန်ထမ်းများက လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုသော အမှတ်အသားဖြစ်သည်။ ကြက်ခြေနီအမှတ်အသားသည် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အမှတ်အသားမဟုတ်ပေ။ ကြက်ခြေနီအမှတ်အသားကို အသုံးပြုရန်အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် နိုင်ငံတော်ဥပဒေများတွင် ပြဋ္ဌာန်းထားလေ့ရှိသည်။ ကြက်ခြေနီအမှတ်အသားကို အသုံးပြုရန်အတွက် ၁၈၆၄ ခုနှစ် ဂျီနီဗာမြို့တွင် ကျင်းပသော ပထမအကြိမ် သံတမန်များဆိုင်ရာညီလာခံက သတ်မှတ်ပေးခဲ့သည်။ ဒဏ်ရာရစစ်သည်များနှင့် ဘေးဒုက္ခခံရသူများအား ကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သောအကူအညီများ ပေးနိုင်ရန်အတွက် ပြဋ္ဌာန်းခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံအလံကို အရောင်ပြောင်းပြန်လုပ်၍ အဖြူရောင်နောက်ခံတွင် အနီရောင်ကြက်ခြေနီကို ကြက်ခြေနီအမှတ်အသားအဖြစ် သတ်မှတ်ခဲ့သည်။ အမျိုးသားကယ်ဆယ်ရေးအသင်းများ (ယခု အမျိုးသားကြက်ခြေနီအသင်း များ၊ လခြမ်းနီအသင်းများ) ထူထောင်ရေးနှင့် ပထမအကြိမ် ဂျီနီဗာညီလာခံကျင်းပရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော ဆွစ်ဇာလန်နိုင်ငံနှင့် ကြက်ခြေနီဖခင်ကြီး ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်ကို ဂုဏ်ပြုသည့်အနေဖြင့် သတ်မှတ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာဥပဒေ၏အခြေခံဖြစ်သော ၁၉၄၉ ခုနှစ် ဂျီနီဗာအများသဘောတူညီချက်အရ ဤအမှတ်အသားကို ဆက်လက်အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြပြီး နောက်ထပ်အမှတ်အသားများဖြစ်သော အဖြူရောင်နောက်ခံပါ လခြမ်းနီ၊ ခြင်္သေ့နီနှင့် နေဝန်းနီအမှတ်အသားတို့ကိုလည်း အသိအမှတ်ပြုခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အစည်းနှင့် လခြမ်းနီအဖွဲ့အစည်း လူမှုရေးလှုပ်ရှားမှုအဖွဲ့ အစည်းကြီးသည် နိုင်ငံတကာဆိုင်ရာ လူသားချင်းစာနာသောလှုပ်ရှားမှုတစ်ခုဖြစ်ပြီး ထိုအဖွဲ့အစည်းတွင် ကမ္ဘာလုံးဆိုင်ရာအဖွဲ့ဝင်ပေါင်း ၉၇ သန်းဖြင့် ဖွဲ့စည်းထားသည်။ လူသားတို့၏ဘဝနှင့် ကျန်းမာရေးကို ကာကွယ်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သက်ရှိလူသားတို့အတွက် ပိုမိုသေချာသော လေးစားမှု၊ ဝေဒနာခံစားနေရသောဒုက္ခများမှ ကာကွယ်တားဆီးပေးရန်တို့အတွက် အသားအရောင်၊ အသက်အရွယ်၊ အဖိုအမ၊ လူမျိုးနှင့် ဘာသာရေး၊ အဆင့်အတန်းစသည်တို့အား ခွဲခြားခြင်းမရှိသည့် အခြေခံအခြေအနေများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။


မြန်မာနိုင်ငံကြက်ခြေနီအသင်း

မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံးနှင့် ဦးဆောင်ဦးရွက်ပြုနေသော လူမှုကရုဏာအဖွဲ့ အစည်းဖြစ်သည့် ဗမာနိုင်ငံကြက်ခြေနီအသင်းသည် ဘေးအန္တရာယ်ကျရောက်လွယ်ဆုံးသူများ၏ ကျန်းမာရေးနှင့် ပိုမိုကောင်းမွန်သောဘဝများအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဗမာ နိုင်ငံတွင် ကြက်ခြေနီလုပ်ငန်းများကို ၁၉၂၀ ပြည့်နှစ်မှစတင်ကာ အိန္ဒိယနိုင်ငံ ကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၃၇ ခုနှစ်တွင် ဗမာနိုင်ငံကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က အသိအမှတ်ပြုခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၏ အသင်းဝင်ဖြစ်လာခဲ့သည်။


နိုင်ငံတော်အစိုးရသည် ဗမာနိုင်ငံကြက်ခြေနီအသင်းအက်ဥပဒေကို ၁၉၅၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ ကာ အမြဲတမ်းလူမှုကရုဏာအသင်းအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အဆိုပါအက်ဥပဒေကို ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံပြင်ဆင်ခဲ့သည်။ အဆိုပါအက်ဥပဒေအရ စိန့်ဂျွန်း သူနာပြုတပ်ဖွဲ့အား ကြက်ခြေနီသူနာပြုတပ်ဖွဲ့အဖြစ် ဗမာနိုင်ငံကြက်ခြေနီအသင်းတွင် ထည့်သွင်းဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ဥပဒေပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၂၀၁၅ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးကာ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး အများပြည်သူသိရှိစေရန် သတင်းမီဒီယာမှတစ်ဆင့် အသိပေးခဲ့သည်။


ကြက်ခြေနီအသင်း၏အခြေခံမူများ


ကြက်ခြေနီအသင်း၏အခြေခံမူများမှာ-

(၁) လူသားချင်းစာနာထောက်ထားခြင်း (Humanity)

(၂) ခွဲခြားမှုမရှိခြင်း(Impartiality)

(၃) ကြားနေခြင်း (Neutrality)

(၄) လွတ်လပ်ခြင်း (Independence)

(၅) စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း (Voluntary service)

(၆) စည်းလုံးညီညွတ်ခြင်း (Unity)

(၇) ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်းတို့ဖြစ်ပါသည်။ ထိုအခြေခံမူများတွင် လူသားချင်း စာနာထောက်ထား ခြင်းသည် အဓိကရည်ရွယ်ချက်ပန်းတိုင် ဖြစ်ပေသည်။


လူသားချင်းစာနာမှုအစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှာ “လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး(Keeping Humanity Alive)” ဖြစ်သည်။ ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ ယနေ့ကမ္ဘာပေါ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ၊ ရာသီဥတုပြောင်းလဲမှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အခြေအနေများ၊ ပဋိပက္ခများ ပြည့်နှက်နေသည့်အချိန်ကာလတွင် ကြက်ခြေနီအခြေခံမူ (၇) ချက်မှ လူသားချင်းစာနာထောက်ထားခြင်းဆိုသည့်အချက်ကို ရပ်ရွာလူထုအားလုံးထံ ပျံ့နှံ့ရောက်ရှိရေး ဆောင်ရွက်ကြရန် ရည်ညွှန်းခြင်းပင်ဖြစ်သည်။ စာရေးသူအပါအဝင် ကြက်ခြေနီအသင်းသား အားလုံးတို့သည် အရေးပေါ်အခြေအနေများကို ကူညီနိုင်ရန်အတွက် အခြေခံသင်တန်းများ၊ အရေးပေါ် အသက်ကယ်နည်းများစသည်တို့ကို စနစ်တကျ လေ့ကျင့်သင်ကြားထားကြသည်။


ကြက်ခြေနီအသင်းသည် သက်တမ်းအရှည်ကြာဆုံးကရုဏာအသင်းဖြစ်သည်နှင့်အညီ အကြင်နာ မေတ္တာများဖြင့်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ လူမျိုးဘာသာ၊ ကျား-မ မရွေး လူတိုင်း၏ဘဝတွင် ကြီးမားသောပြောင်းလဲမှုဖြစ်စေနိုင်သည့် ကြင်နာမှုများဖြင့် အကူအညီလိုအပ်နေသူများကို ဆက်လက်ကူညီပေးသွားကြမည်ဖြစ်သည်။


ကြက်ခြေနီအသင်းသူ အသင်းသားတို့သည် စည်းလုံးညီညွတ်စွာဖြင့် စေတနာတရားကို ရှေ့တန်းတင်လျက် စေတနာ့ဝန်ထမ်းတာဝန်များကို လူသားချင်း စာနာထောက်ထားသောနှလုံးသားဖြင့် အမြဲတမ်းကူညီဖေးမနေကြမည်ဖြစ်သည်။ အရေးကြုံလာ တိုင်း အကူအညီလိုအပ်သူများထံသို့ အရောက်သွားပြီး ရန်သူမိတ်ဆွေမခွဲခြားဘဲ လူသားချင်းစာနာ ထောက်ထားမှုကို ရှေ့တန်းတင်ဆောင်ရွက်လျက်ရှိသည်ကို စံပြအနေဖြင့် ဖေးမကူညီကြမည်ဖြစ်ကြောင်းကို ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှ ဖော်ညွှန်းထားခြင်းဖြစ်သည်။


ကြက်ခြေနီဟူသည်မှာ စေတနာ့ဝန်ထမ်းဖြစ်သည်။ လူသားအားလုံးအပေါ် မေတ္တာတရား အခြေခံ၍ လူသားချင်းစာနာထောက်ထားလျက် ကူညီဖေးမသည့် အဖွဲ့အစည်းဖြစ်သည်။ ရန်သူ မိတ်ဆွေမခွဲခြားဘဲ ကူညီဆောင်ရွက်ပေးသော အဖွဲ့အစည်းဖြစ်သည်။ အရေးကြုံလာသည်နှင့် ပြည်သူတို့၏အသက်အန္တရာယ်ကို အတတ်နိုင်ဆုံး ကယ်တင်ဆောင်ရွက်ပေးသော အဖွဲ့အစည်း ဖြစ်သည်။ လူသားတိုင်းအပေါ်တွင် လူသားချင်းစာနာသောနှလုံးသားဖြင့်သာ ကြည့်ရှု၍ ကူညီကြ သည်။ မီးဘေး၊ လေဘေး၊ ရေဘေးစသောသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ပြည်သူများ၏ ရှေ့သို့ ဦးစွာရောက်ရှိ၍ တာဝန်ကျေပွန်ကြသော စေတနာ့ဝန်ထမ်းကြက်ခြေနီ များပင် ဖြစ်သည်။


ယခုကာလအပူရှိန်ပြင်းထန်သောအချိန်၌ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကြက်ခြေနီမောင်မယ်များက တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ယခုနွေရာသီသင်တန်းများဖြစ်သော လူငယ်ကင်းထောက်သင်တန်း၊ “အ”သုံးလုံးအခြေခံ သင်တန်း၊ ဂီတသင်တန်း၊ လူမှုဘဝဖူလုံရေးရည်မှန်းချက်ဖြင့် ဆောင်ရွက်လျက်ရှိ သော MSMEs အရောင်းပြပွဲများစသည်တို့တွင်လည်း ရာသီဥတုအခြေအနေအရ အသက်အန္တရာယ်ဖြစ်နိုင် သည့်အခြေအနေများကို ကယ်တင်နိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှုကို ရှေးရှုလျက် ကြက်ခြေနီမောင်မယ်များက ကူညီဆောင်ရွက်ပေးလျက်ရှိပေသည်။ ရင်မှဖြစ်တည်သော အဖြူရောင်စိတ်ထား၊ ကိုယ်ချင်းစာတရားတို့ဖြင့်သာ ပြည်သူတို့ အား ကူညီဖေးမသော စေတနာ့ဝန်ထမ်းများကို ပြည်သူတစ်ရပ်လုံးကလည်း စာနာမှုပြည့်ဝစွာဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လိုအပ်ပါသည်။


ထို့အပြင် လူငယ်များအတွက် နွေရာသီသင်တန်းများတွင်လည်း ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက ရှေးဦးပြုစုအတတ်ပညာများကို သင်ကြားပေးပြီး လူသားချင်းစာနာထောက်ထားမှုကို ရှေးရှုဆောင်ရွက်လျက်ရှိပေသည်။ သို့မှသာ လူသားချင်းစာနာထောက်ထားမှုဟူသော ကိုယ်ချင်းစာတရားများ ကိန်းအောင်း၍ သာယာ အေးချမ်းသော လူ့ဘောင်သစ်ကို ဖော်ကျူးနိုင်မည် ဖြစ်ပေသည်။ ထို့ကြောင့် လူသားချင်းစာနာ ထောက်ထားမှုရှင်သန်ရေးအတွက် နှလုံးသားဖြင့် ကူညီကြသည့် ကြက်ခြေနီတို့အား လေးစားဂုဏ်ပြု ၍ ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုပါ၏။ ။


မေတ္တာမိုးနှင်း(ပဲခူး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)