ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပုဂံရှေးဟောင်းနယ်မြေဘုရားစေတီများ Pagoda Digital Directory တပ်ဆင်ထားမှုနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ၊ ရှေးဟောင်းသာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပုဂံရှေးဟောင်းနယ်မြေဘုရားစေတီများ Pagoda Digital Directory တပ်ဆင်ထားမှုနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ၊ ရှေးဟောင်းသာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု စစ်ဆေး


နေပြည်တော်၊ မေ ၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယမန်နေ့က ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ဘုရားများ၏သမိုင်းကြောင်း၊ အချက်အလက်များ၊ အနုလက်ရာဗိသုကာအမွေအနှစ်များကို Online၊ Offline တို့ဖြင့် လေ့လာနိုင်ရန် အတွက် Pagoda Digital Directory ပြုလုပ်ခြင်းဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားအပါအဝင် ကိုးဆူကို စတင်ဆောင်ရွက်ခဲ့ပြီး ပဲခူးမြို့ရှိ ရွှေမော်‌ဓောဘုရားကို ထပ်မံထည့်သွင်း၍ ၎င်းဘုရား ၁၀ ဆူတို့၏ Pagoda Digital Directory အဖြစ် ၂၀၂၃ ခုနှစ် ဩဂုတ်လမှ စတင်ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ Pagoda Digital Directory အဖြစ် website များ ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ကွန်ပျူတာတက္ကသိုလ် (ပြည်၊ မကွေး၊ တောင်ငူ၊ သထုံ) ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သမိုင်းဝင်ထင်ရှားသောဘုရားများအတွက်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နောင်လာနောက်သား မျိုးဆက်သစ်များအနေဖြင့် မိမိတို့၏ဘာသာ၊ သာသနာရေးနှင့်ပတ်သက်၍ အလွယ်တကူသိရှိဖတ်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘုရားစေတီတွင် Pagoda Digital Directory ပြုလုပ်တပ်ဆင်ခြင်းသည် အလွန်ကောင်းမွန်သည့် အစီအစဉ်ဖြစ်သဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် Pagoda Digital Directory ဦးဆောင် ဆောင်ရွက်နေသော ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင် ဦးလှမြင့်က ဘုရားစေတီ ၁၀ ဆူတွင် Pagoda Digital Directory ဆောင်ရွက်နေမှု၊ ဘုရားစေတီသမိုင်းဆိုင်ရာ အချက်အလက်များ၊ အထင်ကရသိမှတ်ဖွယ်ရာများ၊ ထင်ရှားကျော်ကြားသည့် အထိမ်းအမှတ်များ စသည်တို့နှင့်ပတ်သက်၍ Online၊ Offline ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုဂံယဉ်ကျေးမှုအမွေ အနှစ်ဒေသအား ဧရိယာ ၁၁ ပိုင်းခွဲ၍ ဘုရားစေတီ သာသနိကအဆောက်အအုံတို့၏ ပတ်ဝန်းကျင် ပေါင်းမြက်၊ ချုံနွယ်၊ ညောင်ပင်၊ ကန္တာရပင်များ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဘုရားစေတီသာသနိကအဆောက်အအုံ ၂၇၅၇ ဆူ၏ အခြေ အနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကမ္ဘာလှည့်ခရီးသည်များနှင့် ပြည်တွင်းခရီးသွားများ၊ ဘုရားဖူးများ ပုဂံရှုခင်းကြည့်ရှုနိုင်ရန် ယာယီတည်ဆောက်ထားသော ရှုခင်းကြည့်တောင်ကုန်းလေးခုရှိသည့်အနက် ကိုမောက်ကန်နှင့် ဖိုးသူတော်ကန်တို့၏ ပတ်ဝန်းကျင်နေရာများနှင့် ရွာဟောင်းကြီးဘုရားတွင် Archaeological Survey of India-ASI အဖွဲ့က နံရံဆေးရေးပန်းချီနှင့် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် Archaeological Survey of India-ASI အဖွဲ့၏ သိကြားပုန်းဘုရားပြုပြင် ထိန်းသိမ်းမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ပြီး ရုပ်ပွားတော်မြတ်နှင့် ဘုရားအမှတ် (၂၀၇) တိဿဘုရားနှင့် ဘုရားအမှတ်(၂၁၁)တို့ကို သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ရွှေစည်းခုံစေတီတော်တွင် နိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်အရ Digitization ပြုလုပ်၍ Touch Screen ဖြင့် ပြသထားသည့် ကျန်စစ်သားမင်းအတ္ထုပ္ပတ္တိ ကျောက်စာတိုင်ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ဘုရားဂေါပကအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မူရင်းကျောက်စာတိုင်ကို စနစ်တကျထိန်းသိမ်းသွားရန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အဆောက်အဦဦးစီးဌာနက တည်ဆောက်နေသော ညောင်ဦးမြို့တော်ခန်းမ တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တာဝန်ယူဆောင်ရွက်ခဲ့သည့် ကျောက်ပန်းတောင်းမြို့နယ် ဇလင်းတောင်ရွာရှိ ထောက်ရှာကန်ကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် တာဝန်ယူဆောင်ရွက်ခဲ့သည့် ကျောက်ပန်းတောင်းမြို့နယ် ရွာလတ်ကျေးရွာရှိ ညောင်ကန်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကျောက်ပန်းတောင်း မြို့နယ်စိတ္တပါလဂူကျောင်းစာသင်တိုက်တွင် စိတ္တပါလဂူကျောင်းဆရာတော်နှင့် သုခဝတီစာသင် တိုက်ဆရာတော်တို့အား ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် ကျောက်ပန်းတောင်းမြို့နယ် မြို့ရေပေးဝေရေးလုပ်ငန်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)