ငြင်းလို့မရတဲ့ AA အဖွဲ့၏ မူးယစ်ဆေးဝါးကုန်သွယ်မှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငြင်းလို့မရတဲ့ AA အဖွဲ့၏ မူးယစ်ဆေးဝါးကုန်သွယ်မှု



ယခုတလော ဘင်္ဂါလီလူမျိုးတွေကို သတ်ဖြတ်မှု၊ ဘင်္ဂါလီကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုများကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများရဲ့ စောင့်ကြည့်အရေးယူခံနေရတဲ့ AA အဖွဲ့ဟာ မူးယစ်ဆေးဝါးကုန်သွယ်မှုအကြီးအကျယ် ပြုလုပ်နေတဲ့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ဖြစ်ပါတယ်။

 ၂၀၀၉ ခုနှစ်ကစတင်ပြီး KIA နယ်မြေမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ AA အဖွဲ့ဟာ သူတို့အဖွဲ့ ရပ်တည်နိုင်ရေးအတွက် သူ့ဆရာ KIA အပါအဝင် UWSA၊ MNDAA၊ TNLA တို့ လမ်းစဉ်အတိုင်း ဘဏ္ဍာငွေကြေးရရှိဖို့ မူးယစ်ဆေးဝါးနဲ့အဓိကဝင်ငွေ ရှာဖွေခဲ့ပါတယ်။ AA အဖွဲ့ဟာ စတင်ဖွဲ့စည်းစဉ်ကတည်းက ယခုအချိန်ထိ ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းများမရှိသလို ရခိုင်ပြည်သူများထံမှ ဆက်ကြေးငွေလုံလုံလောက်လောက်မရရှိလို့ ရိက္ခာ၊ လက်နက်၊ ခဲယမ်း ဝယ်ယူနိုင်ရေး မူးယစ်ဆေးဝါးကုန်သွယ်မှုကနေ ရရှိတဲ့ဝင်ငွေကို အဓိကအားထားနေရပါတယ်။

AA အဖွဲ့ဟာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာရှိတဲ့ အကြမ်းဖက်သောင်းကျန်းသူများရဲ့ လမ်းစဉ်အတိုင်း မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်းလုပ်ငန်းများကို ပင်မစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ပြီး သူတို့အဖွဲ့ ရှင်သန်ရပ်တည်ရေးအတွက် မူးယစ်ဆေးဝါးများကို ပြည်တွင်းမှာ ဖြန့်ဖြူးခြင်းသာမက ပြည်ပနိုင်ငံများကိုပါ တင်ပို့ရောင်းဝယ်ဖောက်ကားလျက်ရှိပါတယ်။ ဒါကြောင့်လည်း မကြာခဏ ဖမ်းဆီးရမိနေတဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများ မှာ AA တပ်ဖွဲ့ဝင်များကိုယ်တိုင် ပါဝင်ပတ်သက်မှု များကို မြင်တွေ့ကြားသိနေရတာ ဖြစ်ပါတယ်။


မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုကို ဖော်ထုတ်ဖမ်းဆီးရရှိ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့မှတ်တမ်းများအရ ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ် မတ်လအထိ AA အဖွဲ့နဲ့ ဆက်စပ်တဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကိုးကြိမ်ရှိခဲ့ပြီး မူးယစ်ဆေးဝါးကာလ တန်ဖိုး ၂၉၄ ဒသမ ၈၂ ဘီလီယံကျပ် (ဒေါ်လာသန်း ၁၄၀၀ ကျော်) ရှိခဲ့ကြောင်း သိရှိရပါတယ်။ အဲဒီလို ဖမ်းဆီးရရှိမှုတွေထဲက သိသာထင်ရှားပြီး ငြင်းလို့မရတဲ့ ဖြစ်စဉ်တစ်ခုကို ဥပမာပေးရရင်တော့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့မှ ၉ ရက်နေ့အတွင်းက မြန်မာကျပ်ငွေ ၅၁ ဒသမ ၈၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၄ သန်းကျော်) တန်ဖိုးရှိတဲ့ အိုက်စ် ၂ ဒသမ ၀၇ တန်အပါအဝင် ကဖင်း ၈၀၀ ကီလို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ စေခိုင်းချက်အရ သူရဲ့လူယုံတော်၊ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်ရှိ ကျော်မြတ်ဦး (ခ) မောင်နိုင် (ခ) သားသား (ခ) ဝေသာထွန်းရဲ့ စီစဉ်ကြိုးကိုင်မှုနဲ့ AA တပ်ဖွဲ့ဝင်အရာရှိ လေးဦး၊ အခြားအဆင့် သုံးဦး၊ အရပ်သားရှစ်ဦးပါဝင်တဲ့ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ဂိုဏ်းတစ်ခုကို ဖော်ထုတ်ဖမ်းဆီး ရရှိခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ AA တပ်ဖွဲ့ဝင်များကို စစ်ဆေးဖော်ထုတ်ချက်များအရ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထုတ်လုပ်တဲ့ အိုက်စ်နဲ့ စိတ်ကြွဆေးပြားများကို AA အဖွဲ့က မန္တလေး၊ ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ကားလမ်း၊ ရေလမ်းမှသယ်ယူပို့ဆောင်ပြီး ရခိုင်ပြည်နယ်အတွင်းနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်များသို့ ဖြန့်ဖြူးခြင်း၊ ရခိုင်ပင်လယ်ပြင်မှတစ်ဆင့် မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများသို့ပို့ဆောင်ပြီး အဲဒီနိုင်ငံတွေမှတစ်ဆင့် အခြားပြည်ပဈေးကွက် များသို့ အဓိကထားတင်ပို့ခြင်းများကို လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

AA မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းမှာ တာဝန်ပေးအပ်ခံရသူများဟာ AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ လူယုံများဖြစ်ပြီး KIA နယ်မြေ လိုင်ဇာမှာရှိတဲ့ AA ဌာနချုပ်မှာ တာဝန်ထမ်းဆောင် နေသူများ အများစုဖြစ်ကြောင်း၊ အဖမ်းခံရသူများအနေဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချခြင်းကို ပုဂ္ဂလိကစီးပွားရေးအဖြစ်လုပ်နေခြင်းမဟုတ်ဘဲ AA အဖွဲ့အစည်းအတွက် တာဝန်ပေးအပ်ခံရလို့ လုပ်ဆောင်ရခြင်းဖြစ်ပြီး အခြား AA အဖွဲ့ဝင်များထက် လစာနှင့်အခွင့်အရေးများကို ပိုမိုရရှိကြောင်း၊ ပို့ဆောင်သူ၊ သယ်ဆောင်သူ၊ ရောင်းချသူများကို အကန့်စနစ်ဖြင့် လုပ်ဆောင်ထားပြီး မူးယစ်ဆေးဝါးမှရရှိသည့် အကျိုးအမြတ်များကို AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ စီမံခန့်ခွဲမှုဖြင့် အသုံးပြုရကြောင်း၊ လက်နက်မှောင်ခိုဂိုဏ်းများနဲ့ချိတ်ဆက်ပြီး လက်နက်နဲ့ စိတ်ကြွဆေးပြား အလဲအလှယ်ပြုလုပ်လေ့ရှိကြောင်း၊ မူးယစ်ဆေးဝါးမှရရှိတဲ့ ဝင်ငွေ ၇၀ ရာခိုင်နှုန်းခန့်ကို လက်နက်ခဲယမ်း ဝယ်ယူဖြည့်တင်းမှုများ ပြုလုပ်လေ့ရှိကြောင်း သိရှိရပါတယ်။

AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးဈေးကွက်ဟာ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် အမေရိကန် အပါအဝင် ဥရောပနိုင်ငံများနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများအထိ နိုင်ငံတကာမူးယစ်ဆေးဝါးဂိုဏ်းများနဲ့ ချိတ်ဆက်ထားပါတယ်။ အဓိကတင်ပို့ရာ လမ်းကြောင်းကတော့ မြန်မာပြည်မြောက်ပိုင်းနဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားတဲ့နယ်မြေတွေကနေထွက်ရှိတဲ့ စိတ်ကြွဆေးပြားများနဲ့ အိုက်စ်တွေကို မန္တလေးမှတစ်ဆင့် ရေလမ်းကြောင်းမှ ပြည်ပနိုင်ငံများသို့ တင်ပို့ရန်အတွက် ရန်ကုန်ဆိပ်ကမ်းများ အသုံးပြုပြီး ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်မှတစ်ဆင့် မလေးရှား၊ အင်ဒိုနီးရှားများသို့ တင်ပို့ပါတယ်။ ကုန်လမ်းကြောင်းကိုတော့ မန္တလေးမှတစ်ဆင့် မိတ္ထီလာ၊ ပျော်ဘွယ်၊ မကွေး၊ ပဒါန်းလမ်းအတိုင်း ကျောက်တော်၊ မြောက်ဦးမြို့များမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ တင်ပို့လျက်ရှိပါတယ်။


ဖမ်းဆီးရမိမှုများ၏နောက်ကွယ်တွင် AA တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုရှိ

ဘင်္ဂလားဒေ့ရှ် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဦးစီးဌာန (Department of Narcotics Control-DNC) မှတ်တမ်းများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စိတ်ကြွဆေးပြားသုံးစွဲသူ ရှစ်သန်းခန့်ရှိပြီး လွန်ခဲ့တဲ့ သုံးနှစ်အတွင်း နှစ်စဉ် Yaba စိတ်ကြွဆေးပြားဖမ်းဆီးရမိမှု ကမ္ဘာ့ထိပ်တန်း ငါးနိုင်ငံစာရင်းတွင် ပါဝင်နေကြောင်း၊ နှစ်စဉ်နှစ်တိုင်း DNC အဖွဲ့က Yaba စိတ်ကြွဆေးပြား သန်း ၅၀ ကျော်ကို ဖမ်းဆီး နိုင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားများဟာ AA အဖွဲ့ ထိန်းချုပ်နယ်မြေများမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ဖမ်းဆီးရမိမှုများ၏နောက်ကွယ်တွင် AA တပ်ဖွဲ့ဝင်များကိုယ်တိုင် ပါဝင်ပတ်သက်မှုရှိကြောင်း DNC အဖွဲ့ရဲ့ ၂၀၂၁ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြ ထားရှိပါတယ်။

AA အဖွဲ့ စတင်ပေါ်ပေါက်လာပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း Yaba စိတ်ကြွဆေးပြားများ သိသိသာသာပေါများလာပြီး ရခိုင်လူငယ်များသာမက ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းများမှာလည်း စိတ်ကြွဆေးပြားသုံးစွဲသူတွေ များပြားလာခဲ့ပါတယ်။ အထူးသဖြင့် အချို့တိုက်ပွဲ များအတွင်း သေဆုံးသူ AA တပ်ဖွဲ့ဝင်များဟာ စိတ်ကြွဆေးပြားသုံးစွဲထားတဲ့ အထောက်အထား များစွာရှိနေပြီး AA တပ်ဖွဲ့ဝင်များကို မူးယစ်ဆေးဝါးတိုက်ကျွေးပြီး တိုက်ပွဲဝင်ခိုင်းတဲ့ သတင်းများလည်း ထွက်ပေါ်လျက်ရှိပါတယ်။

AA အဖွဲ့ဟာ ရခိုင်လူမျိုးအများစုနဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဖြစ်ပေမယ့် ရခိုင်လူမျိုးတိုင်းက လက်ခံထားတဲ့ အဖွဲ့အစည်း မဟုတ်သလို ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့အဖွဲ့ မဟုတ်ပါဘူး။ ရခိုင်လူမျိုးနဲ့ ရခိုင်ပြည်နယ်ကိုချနင်းပြီး လူမျိုးရေးအစွန်းရောက်စိတ်နဲ့ ကိုယ်ကျိုးရှာ ရခိုင်လူမျိုးတစ်စုကဦးဆောင်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင်လုပ်ဆောင်နေတဲ့ အကြမ်းဖက်လက်နက်ကိုင် မူးယစ်ဆေးကုန်သွယ်မှုကို အကြီးအကျယ်လုပ်နေတဲ့အဖွဲ့သာ ဖြစ်ပါတယ်။

လူမျိုးရေးအစွန်းရောက်စိတ်နဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုလုပ်ငန်းများကြောင့် AA အဖွဲ့ဟာ အင်အားကြီးထွားလာပြီး ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေကို သတ်ဖြတ်မှုများ၊ အနိုင်ကျင့်နှိပ်စက်တဲ့လုပ်ရပ်များကို ပေါ်ပေါ်တင်တင် လုပ်ဆောင်လာတာ တွေ့ရှိရပါတယ်။

ယခင်က ရခိုင်နဲ့ ဘင်္ဂါလီလူမျိုးများအကြား ဖြစ်ပွားလေ့ရှိတဲ့ ပဋိပက္ခတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင် များက တရားဥပဒေနဲ့အညီ ထိန်းညှိပေးထားပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းအောင် ပြုလုပ်ပေးထားနိုင်ပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်များမရှိတဲ့နောက်မှာ ဒေသခံများအပေါ် AA အဖွဲ့ရဲ့ တရားဥပဒေမဲ့ပြုကျင့်မှုများဟာ ထင်ရှားစွာပေါ်ထွက်လာပြီး နိုင်ငံတကာက AA အဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုများကို သတိပြုမိလာပြီ ဖြစ်ပါတယ်။

အမှန်စင်စစ် ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင် မောင်တောဒေသက ဘင်္ဂါလီလူမျိုးတွေကို သတ်ဖြတ်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုတွေကို လုပ်ဆောင်လာလို့ ကမ္ဘာ့နိုင်ငံများက အာရုံစိုက်ခံနေရတဲ့ အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့ဟာ မူးယစ်ဆေးဝါးနဲ့ ဘဏ္ဍာငွေရှာဖွေပြီး လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို လုပ်နေတဲ့အဖွဲ့ဖြစ်လို့ လူသားမျိုးနွယ် တစ်ခုလုံးအတွက်ပါ အန္တရာယ်ရှိတဲ့ မူးယစ်ရာဇာများဖြစ်ကြောင်း နိုင်ငံတကာကသိရှိအောင် မီးမောင်းထိုးပြခြင်း ဖြစ်ပါတယ်။

AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းဟာ လူသက်သေ၊ ပစ္စည်းသက်သေ အထောက်အထားများ ခိုင်ခိုင်မာမာရှိလို့ ငြင်းလို့မရသလို မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းချမှုကို အဓိကပင်မဝင်ငွေရရှိရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဖြစ်လို့ AA အဖွဲ့ကို အားပေးအားမြှောက်မပြုလုပ်ကြရန် နိုင်ငံတကာကို တိုက်တွန်းအသိပေးလိုပါတယ်။

နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အရှိန်အဟုန်မြင့်လုပ်ဆောင်နေသလို AA အဖွဲ့ရဲ့ မူးယစ်ကုန်သွယ်မှုလမ်းကြောင်းများကိုပိတ်ဆို့ပြီး မူးယစ်ဆေးဝါးသယ်ဆောင်မှုများကို ဖမ်းဆီးရမိရေး အလေးထားလုပ်ဆောင်နေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ တရားခံများရဲ့ ထွက်ဆိုချက်၊ သက်သေအထောက်အထားများအရ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းများဟာ ငြင်းလို့မရနိုင်ဘဲ နိုင်ငံတကာမှာရှိတဲ့ မူးယစ်ရာဇာများ၊ တရားမဝင် လက်နက်မှောင်ခိုဂိုဏ်းများ၊ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများနှင့် ပတ်သက်ဆက်နွှယ်မှုများ ရှိနေကြောင်း ဖော်ထုတ်ရေးသားလိုက်ရပါတယ်။


မင်းခန့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)