သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး






ရန်ကုန်    ၊     ဇွန်       ၂၆


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။


ရှေးဦးစွာ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "ထိန်းသိမ်းစို့လေ စာပေအမွေ" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ လူငယ်တွေဟာ အမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်ဆောင်ရွက်ရမယ့်သူတွေဖြစ်တဲ့အတွက် အသိပညာဗဟုသုတ ကြွယ်ဝသူတွေဖြစ်ဖို့ များစွာလိုအပ်ပါကြောင်း၊ အသိပညာ ဗဟုသုတကြွယ်ဝဖို့ နည်းလမ်းများစွာရှိတဲ့အနက် စာပေဖတ်ရှုလေ့လာခြင်းက အရိုးရှင်းဆုံးသော နည်းလမ်းပဲဖြစ်ပါကြောင်း၊ စာအုပ်စာပေဖတ်ရှုလေ့လာရာမှာ ပုံနှိပ်ထားတဲ့ စာအုပ်များသာမက ယနေ့ခေတ်ဟာ IT နည်းပညာထွန်းကားလာတဲ့အတွက် လက်ကိုင်ဖုန်းဖြင့်သော်လည်းကောင်း၊ ကွန်ပျူတာဖြင့်သော်လည်းကောင်း ဖတ်ရှုလေ့လာနိုင်ပါကြောင်း၊ စာကြည့်တိုက်က စာဖတ် သူတွေရဲ့ဘဝကို ပြောင်းလဲတိုးတက်စေပါကြောင်း၊ စာပေဖတ်ရှုလေ့လာမှုကြောင့် ဘဝတိုးတက်မြင့်မားသူတွေ များစွာပေါ်ထွက် ခဲ့ကြပါကြောင်း၊ စာအုပ်စာပေဟာ မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းဖြစ်ပြီး ပေါင်းဖက်လာသူမှန်သမျှရဲ့ ကောင်းကျိုးကို မဖောက် မပြန် ဖြည့်ဆည်းပေးနေပါကြောင်း၊ ကျောင်းသားလူငယ် မောင်မယ်များအနေနဲ့ မိတ်ဆွေစစ် မိတ်ဆွေကောင်းတွေကို ဝေးဝေး လံလံ ရှာဖွေစရာမလိုဘဲ ကျောင်းစာကြည့်တိုက်တွေမှာ လွတ်လပ်လွယ်ကူစွာ ရှာဖွေဖတ်ရှုနိုင်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်ရဲ့ ကဏ္ဍအသီးသီးကို ဦးဆောင်တာဝန်ယူကြမယ့် ကျောင်းသားလူငယ် မောင်မယ်များအနေနဲ့ အခုလို စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုကနေ အသိအလိမ္မာ တိုးတက်မြင့်မားတဲ့ လူကြီးလူကောင်းတွေ ဖြစ်ပေါ်လာစေဖို့ ကျောင်းစာကြည့်တိုက်တွေကို အသုံးပြုကြပါ။ စာအုပ်စာပေတွေကို ဖတ်ရှုလေ့လာကြပါ။ စာပေဆိုင်ရာဆွေးနွေးပွဲ၊ ဟောပြောပွဲတွေ ဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားလိုပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။ 


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် အတွက် လှူဒါန်းသည့် သုတ/ရသစာအုပ်(၁၀၀)အုပ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်ရာ သင်္ဃန်းကျွန်းပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က လက်ခံရယူခဲ့သည်။


ယင်းနောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ကျောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ကျင်းပပြုလုပ်သည့် စာအုပ်စာစောင်နှင့် ဓာတ်ပုံ ပြခန်းများ၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်နှင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ လေးများ၏ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ စသည့် ကာယ၊ဉာဏစွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် စာအုပ်အရောင်းဆိုင်တို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ဒုတိယပိုင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ အမျိုးသားစာပေဆုရှင် စာရေးဆရာကောင်းသန့်က “ စာဖတ် ခြင်း အကျိုးကျေးဇူး " ခေါင်းစဉ်ဖြင့် စာပေဆိုင်ရာများကို ဟောပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က  အမျိုးသားစာပေဆုရှင် စာရေးဆရာကောင်းသန့်အား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေး များက " ပြည်ထောင်စုသွေး " တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။ ယင်းနောက် ကပြဖျော်ဖြေခဲ့ကြသူများအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)