ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ယွိရှီမြို့တို့မှ အထင်ကရနေရာများသို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ယွိရှီမြို့တို့မှ အထင်ကရနေရာများသို့ သွားရောက်လေ့လာ



နေပြည်တော်၊ ဇွန် ၂၀

(၅)ကြိမ်မြောက် လန်ချန်း-မဲခေါင် ရုပ်သံသီတင်းပတ် (5th Lancang-Mekong Audiovisual Week)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် လန်ချန်း - မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့် တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဇွန် ၁၈ ရက်တွင် ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ယွိရှီမြို့တို့မှ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဦးစွာ ဇွန် ၁၈ ရက် မနက်ပိုင်းတွင် ကူမင်းမြို့ရှိ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ် (Kunmin University of Science and Te-chnology) တွင် ဘာသာရပ်ဆိုင်ရာများအလိုက် ပညာသင်ကြားနေမှု၊ နယ်ပယ်အသီးသီးအလိုက် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်နေမှု၊ AI နည်းပညာဆိုင်ရာ သုတေသနနှင့် သိပ္ပံဓာတ်ခွဲခန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်နေမှု၊ ဘာသာစကား ၁၀၈ မျိုး၏ ပင်ကိုအသံနှင့် ဘာသာပြန်ဆိုခြင်း လုပ်ငန်းစဉ်တွင် ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းအပါအဝင် အရှေ့တောင်အာရှနှင့် အာရှဘာသာစကားများကို အထူးအလေးထားလုပ်ကိုင်နေမှုတို့ကို ကြည့်ရှုလေ့လာကြသည်။ အဆိုပါ တက္ကသိုလ်ကို ၁၉၅၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျောင်းသား ကျောင်းသူ ၅၃၀၀၀ ကျော် တက်ရောက်လျက်ရှိပြီး ၎င်းတွင် ပြည်ပနိုင်ငံများမှ လာရောက်တက်ရောက်နေသူ ၅၈၃ ဦး ပါဝင်ကြောင်းသိရသည်။

ဆက်လက်၍ ယူနန် ရုက္ခဗေဒနှင့် ဇီဝနည်းပညာအုပ်စု (Yunnan Botanee Bio-Technology Gro-up Co.,Ltd. သို့ သွားရောက်ကြပြီး သဘာဝပစ္စည်းများ အခြေခံပြီး သုတေသနအဆင့်ဆင့် ပြုလုပ်၍ စနစ်တကျ ထုတ်လုပ်လျက်ရှိသည့် Winona အမည်ဖြင့် အလှကုန်နှင့် အရေပြားကျန်းမာရေးဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်၍ ကျယ်ပြန့်စွာ ဖြန့်ချိရောင်းချမှုအား လှည့်လည်ကြည့်ရှုလေ့လာကြသည်။

အဆိုပါ ကုမ္ပဏီကို ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အရေပြားဆိုင်ရာ ကျန်းမာရေးနှင့် ပြည့်စုံစေရေးစောင့်ရှောက်နိုင်ရန် အထူးအလေးထားဆောင်ရွက်မှုနှင့်အတူ သုတေသနဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်လုပ်ရေးနှင့် စျေးကွက်ချဲ့ထွင်ရေးအတွက် အုပ်စုဖွဲ့၍ ဆောင်ရွက်လျက်ရှိရာ Skincare လောကတွင် နှစ်ပေါင်းများစွာ ဦးဆောင်လျက်ရှိကြောင်း သိရသည်။

ညနေပိုင်းတွင် လေ့လာရေးအဖွဲ့များသည် ယွိရှီမြို့ရှိ ချွန်ကျန်းသဘာဝကျောက်ဖြစ်ရုပ်ကြွင်း သမိုင်းပြတိုက်သို့ သွားရောက်လေ့လာကြပြီး ကျောက်ဖြစ် ရုပ်ကြွင်းအမျိုးအစား ၂၀ ခေါင်းစဉ်အောက်ရှိ မျိုးစိတ်ပေါင်း ၃၀၀ ကို သုံးထပ်အဆောက်အဦတွင် အထပ်အလိုက်အခန်းများနှင့် ပြကွက်များခွဲခြားပြုလုပ်၍ ဒစ်ဂျစ်တယ်နည်းပညာ၊ လျှပ်စစ်မီးနှင့် အသံစနစ်များ ပေါင်းစပ်ပြီး ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

အဆိုပါပြတိုက်အား ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းပြတိုက်ပုံစံသည် အာရှတွင် တစ်ခုတည်းသာရှိနေပြီး ယူနက်စကို အသိအမှတ်ပြုထားသော ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားကျော်ကြားသည်။

ယင်းနောက် လေ့လာရေးအဖွဲ့များသည် ယွိရှီခရိုင် ချွန်ကျန်း မြို့နယ်အတွင်းရှိ မားဖန်ကျေးရွာသို့ ဆက်လက်သွားရောက်ကြပြီး ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းထားသော ပြတိုက်ငယ်နှင့် စုပေါင်းအရောင်းဆိုင်၊ ရိုးရာအစားအသောက်များ အိမ်ဆိုင်ဖွင့်လှစ်ရောင်းချမှုနှင့် တည်းခိုခန်းများ ဖွင့်လှစ်ဆောင်ရွက်မှု၊ စိုက်ပျိုးရေးအခြေခံထုတ်ကုန်များ ထုတ်လုပ်ပြီး စီစဉ်ရောင်းချမှု၊ နှစ်ရှည် စားပင်/ ပန်းပင်များအပါအဝင် ရာသီပန်းများကို အချိန်ကိုက်စိုက်ပျိုးပြသမှု၊ သဘာဝကြာကန်များနှင့် ရွာပတ်ကမ်းနားလမ်း ဖောက်လုပ်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။

အဆိုပါကျေးရွာသည် ၂၀၁၉ ခုနှစ်က ယူနန်ပြည်နယ်၏ လှပ သော ကျေးရွာဆု၊ ၂၀၂၁ ခုနှစ်တွင် ကျေးရွာတစ်ခုထုတ်ကုန်တစ်ခုအမျိုးသားစံပြဆုနှင့် ၂၀၂၃ ခုနှစ်တွင် ယွိရှီမြို့၏ ကြယ်ငါးပွင့်အဆင့်ရှိသော လှပသည့်ကျေးရွာဆုများ ရရှိထားပြီး ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းများအခြေခံသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၏ တောက်ပသော စံပြကျေးရွာအဖြစ် အသိအမှတ်ပြုခံထားရပြီး ရပ်တည်နေကြောင်း သိရသည်။

ထို့နောက် ယွိရှီနှင့် ချွန်ကျန်းဒေသရှိ ဖုဟိုင်ဝမ်ကမ်းခြေသို့ ဆက်လက်သွားရောက်ကြပြီး သဘာဝတောင်ပေါ်ရေကန်အား ပြုပြင်ထိန်းသိမ်းကာ ကမ်းခြေပတ်လမ်းနှင့် ပန်းခြံများ၊ ဖျော်ဖြေရေးအစီအစဉ်များ ဖန်တီးပေါင်းစပ်၍ စီစဉ်ဆောင်ရွက်ထားရှိမှုကို အားပေးကြည့်ရှုလေ့လာကြသည်။

အဆိုပါ တောင်ပေါ်ရေကန်သည် စိမ့်တောဥယျာဉ် စီမံကိန်းဧရိယာအတွင်း ၈၃ ဟက်တာခန့် ကျယ်ဝန်းကာ အရှေ့နှင့်အနောက် မီတာ ၂၆၀၀ ရှည်လျားသော သာယာလှပသည့် ကမ်းခြေအဖြစ် ထင်ရှားကျော်ကြားကာ ပြည်တွင်း/ ပြည်ပ ခရီးသွားများအား ဆွဲဆောင်လျက်ရှိသည်။

လေ့လာရေးအဖွဲ့များသည် ညပိုင်းတွင် ယွိရှီခရိုင် ချွန်ကျန်းမြို့ရှိ Emerald Bay ဟိုတယ်၌ ညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။  


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)