ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေး



နေပြည်တော်၊ ဇွန် ၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ် အမှတ်(၃၀)အခြေခံပညာ အထက်တန်းကျောင်း၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၂၇)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတို့သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနေမှု ကို လှည့်လည်ကြည့်ရှုသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ပညာသင်ကြားရေးသည် လူတစ်ဦးချင်းအတွက် မဖြစ်မနေ အရေးကြီးသော လိုအပ်ချက်ဖြစ်ပါကြောင်း၊ အရည်အသွေးရှိသော အသိပညာ၊ အတတ်ပညာရှင်များဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ဆောင်ရွက်ကြရမည်ဖြစ်၍ ငယ်စဉ်ကတည်းကကြိုးစား၍ လူတော် လူကောင်း အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်အောင်ကြိုးစား ကြရန် ပြောကြားပြီး စာသင်ခန်း၊ စာသင်ဆောင်များ၊ ကျောင်းဝင်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရတနာပုံတက္ကသိုလ် သီရိမင်္ဂလာခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လက်တွေ့ခန်းသုံး၊ သုတေသနသုံး စက်ပစ္စည်းများကိုလည်း အကျိုးရှိရှိထိရောက်စွာ အသုံးချစေလိုကြောင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တတ်မြောက်စေရုံမျှမက မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိသော လူတော်လူကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြားပေး စေလိုကြောင်းမှာကြားပြီး ဌာနအလိုက် တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ စားရိပ်သာတွင် ညနေစာစားသုံးနေမှုများကို သွားရောက်ကြည့်ရှု အားပေးကာ အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသည့် နိုင်ငံသားကောင်းရတနာများကို ပြုစုပျိုးထောင်ပေးသည့် ဆရာ ဆရာမကောင်းများ ဖြစ်လာစေရေး ကြိုးစားကြစေလိုကြောင်း မှာကြားသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ မေ ၂၃ ရက်မှ ဇွန် ၄ ရက်အထိ အခြေခံပညာ ကျောင်းသား ကျောင်းသူ ၆၆၇၂၃၂၉ ဦး လာရောက်အပ်နှံ ပြီးစီးခဲ့ပြီးကျန်ရှိသည့် ကျောင်းသား ကျောင်းသူများလည်း ဆက်လက်၍ သက်ဆိုင်ရာကျောင်းများထံသို့ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)