ပဲခူး၊ ဇွန် ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ် စာမေးပွဲ စာအောင်သံဃာတော်/သီလရှင်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ(၃)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည်ညိုခဲ့သည်။
ရှေးဦးစွာ ကြွရောက်လာကြသည့် ဆရာတော်ကြီးများ၊ စာအောင်သံဃာနှင့်သီလရှင်များ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယက “အဘိဓဇမဟာရဋ္ဌဂုရု” ဘဒ္ဒန္တဂန္ဓမာ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များရွတ်ဖတ်သရဇ္ဈာယ်တော်မူကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ ဖတ်ကြားလျှောက်ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်ကြသည့် သံဃာတော်များနှင့် သီလရှင်(၂၆၉၃)ပါးတို့အတွက် ဘွဲ့တံဆိပ်တော်နှင့် စာအောင်ဆုများအား စာအောင်သံဃာများနှင့် တိုင်းဒေသကြီးသံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်စာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တသီရိန္ဒ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဠတု(၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ် စာမေးပွဲတို့၌ ဓမ္မာစရိယအဂ္ဂမဟာအကျော်(၁)ပါး၊ ဓမ္မာစရိယ(ကျမ်းပြီး)(၁၆၆)ပါး၊ ဓမ္မာစရိယ(ကျမ်းစွဲ)(၃၄၉)ပါး၊ တိပိဋကဓရစာမေးပွဲ(ဝိနယဓရ)(၁)ပါး၊ တိပိဋကဓရစာမေးပွဲ(ဥဘတောဝိဘင်္ဂဓရ)(၁)ပါး၊ နိကာယ်စာမေးပွဲ(ဒုတိယ၊တတိယ၊အထူးအောင်)(၄)ပါး၊ နိကာယ် (အုပ်စု-၁၊မဟာဝိဒူ)(၁)ပါး၊ နိကာယ်(ကျမ်းပြီး)(၂၂၆)ပါး၊ နိကာယ်(ကျမ်းစွဲ)(၂၇၀)ပါး၊ ပါဠိပထမပြန် (ပထမကြီးတန်း)(၉၀)ပါး၊ ပထမလတ်တန်း(၁၁၈)ပါး၊ ပထမငယ်တန်း(၅၉၀) ပါး၊ အခြေပြုမူလတန်း(၈၇၆)ပါး၊ စုစုပေါင်း (၂၆၉၃)ပါး အောင်မြင်ခဲ့ကြသည့်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာအောင်ဆုအလှူငွေ (၈၃၁၅၀၀၀၀/) ကျပ်(ရှစ်ရာသုံးဆယ့်တစ်သိန်းငါးသောင်းတိတိ)အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost








No comments:
Post a Comment