နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန်၊ ကျောသားရင်သားမခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန်၊ စိတ်ကောင်းစေတနာကောင်းထားရှိရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန်၊ ကျောသားရင်သားမခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန်၊ စိတ်ကောင်းစေတနာကောင်းထားရှိရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ပြောကြား







နေပြည်တော်၊ ဇွန်လ ၃

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းနှင့် တာဝန်ရှိ သူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ CPU အဖွဲ့ဝင်များအပါ အဝင် (၂၁၈) ဦး တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာ အဂတိဆိုသည်မှာ အကျင့်စာရိတ္တပျက်စီးခြင်းဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုမြောက်သည့်ကိစ္စရပ်များ၊ နိုင်ငံတော်ထိခိုက်နစ်နာစေမည့် အဂတိလိုက်စားမှုမြောက်သည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု မဖြစ်ပေါ်ရန် တားဆီးကာကွယ်နိုင်မည့်နည်းလမ်းများ၊ ဥပဒေ၊ နည်းဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီးရှောင်ကြဉ်လာနိုင်မည်ဖြစ်ပါ ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများပျက်စီးလာခြင်း၊ မျှတမှုရှိသည့်ယှဉ်ပြိုင်လိုစိတ်နှင့် ကိုယ်ရည်ကိုယ်သွေးများကျဆင်းလာခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုအဟန့်အတားဖြစ်စေခြင်းနှင့် မညီမျှခြင်းများဖြစ်လာနိုင်ကြောင်း၊ အဂတိလိုက်စားမှုများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကျဆင်းစေပြီး နိုင်ငံ၏အုပ်ချုပ်ရေးယန္တယား၊ စီးပွားရေးလုပ်ငန်းများ အပါအဝင် ဘက်ပေါင်းစုံကို ယိုယွင်းပျက်စီးစေနိုင်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအများစုတွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ကျင့်သုံးလျှက်ရှိသည်ကို လေ့လာတွေ့ရှိနိုင်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန်၊ ကျောသားရင်သားမခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန်၊ စိတ်ကောင်းစေတနာကောင်းထားရှိရန်နှင့် မိမိတာဝန်မိမိကျေပွန်စွာ ထမ်းဆောင်ကြရန်၊ အဂတိလိုက်စားမှုကို ရှောင်ကြဉ်ကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနနေဖြင့်လည်း ဝန်ကြီးဌာနအဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU)ကိုဖွဲ့စည်းပြီး အဂတိလိုက်စားမှုလျော့နည်းပပျောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိပတ်ဝန်းကျင်နှင့် မိမိအဖွဲ့အစည်းသို့ တဆင့်ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် မိမိအကျိုးနှင့် အများအကျိုး ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှု ကင်းဝေးကြစေရေးဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။


ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင်   ဦးကျော်စိုးလင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ၌ ကော်မရှင်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အဂတိလိုက်စားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများကို မဖြစ်မီ ကြိုတင်ကာကွယ်တားဆီးရန်အတွက် အသိပညာပေးခြင်းနှင့် တားဆီးကာကွယ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူတစ်ဦးချင်းအပေါ်သို့ ကြီးမားစွာ တိုက်ရိုက်သက်ရောက်နေသော ဖိစီးမှုများဖြစ်ပေါ်စေသည့် အသေးစားအဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းစေရန်၊ နိုင်ငံတော်အစိုးရက ပြည်သူလူထု၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ပေးနေသည့် ဝန်ဆောင်မှုများကို ပြည်သူလူထုထံသို့ ပိုမိုပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန် ပြည်သူ့ဘဏ္ဍာဆုံးရုံးမှုလျော့နည်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီး ဌာန/အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခု တို့တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU)များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ CPU များ၏ လုပ်ငန်းတာဝန် ၃ ရပ် နှင့် အဂတိ  လိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် ၆ ရပ်တို့ကိုချမှတ်ပြီး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU များအတွက်ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ် ၆ ရပ် အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ်အနက် ဆဋ္ဌမမြောက်အချက်ဖြစ်သည့်(Public Feedback Programme - PFP) ကို အသုံးပြု၍ အသေးစားအဂတိလိုက်စားမှုများ လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU များ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာလိုအပ်သည့်နည်းပညာဆိုင်ရာသင်တန်းများပို့ချပေးခြင်း၊ ဆောင်ရွက်နိုင်စေရန် PFP အစီအစဉ် အသုံးပြုသည့်ဌာနများအတွက် လိုအပ်သည့်အသုံးပြုနည်းသင်တန်းများ ပို့ချ ပေးခြင်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့်စပ်လျဉ်း၍လည်းကောင်း၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်သော်နိုင်က စုံစမ်းစစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း ခေါင်းဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


Join -  https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)