ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပဉ္စမအကြိမ်မြောက် လန်ချန်း - မဲခေါင်ရုပ်သံအစီအစဉ် သီတင်းပတ်အခမ်းအနားသို့တက်ရောက်မိန့်ခွန်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပဉ္စမအကြိမ်မြောက် လန်ချန်း - မဲခေါင်ရုပ်သံအစီအစဉ် သီတင်းပတ်အခမ်းအနားသို့တက်ရောက်မိန့်ခွန်းပြောကြား


နေပြည်တော်၊ ဇွန် ၁၈

ပဉ္စမအကြိမ်မြောက် လန်ချန်း - မဲခေါင်ရုပ်သံအစီအစဉ် သီတင်းပတ်အခမ်းအနား (5th Lancang– Mekong Audiovisual Week) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၇ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Yunnan Radio and TV Station ရှိ Studio – 1 ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားစီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဝန်ကြီး ယန်းကော်ရိန် (H.E Mr .Yang Guorui)၊ ယူနန်ပြည်နယ်ကော်မတီ CPC အဖွဲ့ဝင်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ကျိန်းယန် (H.E Mrs . Zeng Yan )၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယအုပ်ချုပ်ရေးမှူး ယန်းယန်း(H.E Mrs. Yang Yang)၊ လန်ချန်း - မဲခေါင်နိုင်ငံများဖြစ်ကြသော တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ် ခြောက်နိုင်ငံတို့အပြင် တောင်အာရှနိုင်ငံများမှ ဘဂ်လားဒေ့ရှ်၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံတို့မှ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိန့်ခွန်း ပြောကြားရာတွင် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို စဉ်ဆက်မပြတ်ထိန်းသိမ်းပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန် ယုံကြည်မှု၊ သာတူညီမျှရှိမှုစသည့်မူများအပေါ် အခြေခံပြီး တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မီဒီယာဗဟုဝါဒ (Media Pluralism) ရရှိရန်အတွက် မီဒီယာဆိုင်ရာဥပဒေများ ထုတ်ပြန် ပြဋ္ဌာန်းပြီး ဥပဒေနှင့်အညီ ရုပ်သံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားကြောင်း၊ နိုင်ငံပိုင်မီဒီယာဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)သည် လန်ချန်း- မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ရုပ်သံလွှင့်ဌာနများဖြစ်သည့် ထိုင်းနိုင်ငံ ပြည်သူ့ဆက်ဆံရေး ဌာန(PRD)၊ တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန (NRTA)နှင့် China MediaGroup (CMG) ကွမ်ရှီး အသံလွှင့်နှင့် ရုပ်မြင်သံကြားဌာန (GXRTV) ဗီယက်နမ်နိုင်ငံ Voice of Vietnam(VOV) များနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီး ဝန်ထမ်းများ အပြန်အလှန်စေလွှတ်ခြင်း၊ အဆင့်မြင့်ကိုယ်စားလှယ်များ အပြန်အလှန်လည်ပတ်ခြင်း၊ ရုပ်သံဇာတ်လမ်းတွဲများ ပြသဆောင်ရွက်နေပါကြောင်း၊ မဲခေါင်ဒေသတွင်းရှိ နိုင်ငံများသည် မဲခေါင် မြစ်ကိုမှီတည်ပြီး တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်သည့် မိသားစုနိုင်ငံများဖြစ်သည့် အားလျော်စွာ အချင်းချင်း အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ တန်းတူရည်တူရှိမှု၊ နားလည်ပေးနိုင်မှုများနှင့် အနာဂတ်ကာလများစွာအထိ ချစ်ကြည်ရင်းနှီးစွာနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ ပိုမိုခိုင်မြဲမှုရှိအောင် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် လန်ချန်း - မဲခေါင် နိုင်ငံများနှင့် တောင်အာရှ နိုင်ငံများမှ အကြီးအကဲများက 5th Lancang-Mekong Audiovisual Week ဖွင့်ပွဲအခမ်းအနားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ လန်ချန်း - မဲခေါင်ဒေသ၏ ထူးခြားပြောင်မြောက်သော ရိုးရာအကအလှများ၊ သီဆို ကပြမှုများနှင့် ရုပ်သံအစီအစဉ်ပြကွက်များ တွဲဖက်၍လည်းကောင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှ၊ တောင်အာရှဒေသများမှ ရိုးသားချစ်ခင်ဖွယ် လူနေမှုဘဝပုံစံများနှင့် ဒေသထုတ်ကုန်များ အကြောင်းကိုလည်းကောင်း ရှင်းလင်းတင်ပြမှုနှင့်အတူ ဖျော်ဖြေတင်ဆက်ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(၅)ကြိမ်မြောက် လန်ချန်း - မဲခေါင် ရုပ်သံသီတင်းပတ်အခမ်းအနားကို အဖွဲ့ဝင်ခြောက်နိုင်ငံအကြား ရုပ်သံနှင့် အွန်လိုင်းမီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန်၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးဖလှယ်မှုများ တိုးမြှင့် လာစေရန်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများ ဆက်သွယ်မှုတွင် အချက်အချာဖြစ်စေရန်၊ BRI  ပူးပေါင်း တည်ဆောက်ရေး အောင်မြင်မှုများ ပြသနိုင်ရန်တို့အတွက် တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်း စီစဉ်ကျင်းပခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားအစီအစဉ်များကို ၂၀၂၄ ခုနှစ် ဇွန် ၁၇ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်း၊ ယွိရှီနှင့် အခြားမြို့ကြီးများတွင် ဆက်စပ်ပြီး စီစဉ်ကျင်းပမည်ဖြစ်သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များကို WANDA REALM ဟိုတယ်တွင် နေ့လယ်စာဖြင့် ဧည့်ခံပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)