ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မိတ္ထီလာ-ကျောက်ပန်းတောင်း-မကွေး ကားလမ်းဘေး ဝဲ၊ ယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မိတ္ထီလာ-ကျောက်ပန်းတောင်း-မကွေး ကားလမ်းဘေး ဝဲ၊ ယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇွန် ၁၇

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့က မိတ္ထီလာ-ကျောက်ပန်းတောင်း-မကွေးကားလမ်းဘေး ဝဲ၊ ယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မိတ္ထီလာ - ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ လမ်းဘေး ဝဲ၊ ယာ စိမ်းလန်းစိုပြည်ရေး ယူကလစ်၊ ကုက္ကိုတစ်အုပ်တစ်မစိုက်ခင်း အပင် ၁၀၀၀ စိုက်ပျိုးထားမှုနှင့် တမာ၊ ကုက္ကို၊ မဲဇလီတစ်အုပ် တစ်မစိုက်ခင်းအပင် ၁၅၀၀ စိုက်ပျိုးထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အပူပိုင်းဒေသ ကားလမ်းဘေး ဝဲ၊ ယာ စိမ်းလန်းစိုပြည်လာစေရန်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူဖြစ်စေရန်၊ ဒေသခံနှင့် ခရီးသွားပြည်သူများအရိပ်ခိုနားနေနိုင်ရန်၊ သစ်တောဖုံးလွှမ်းမှုတိုးတက်စေရေးကို အထောက် အကူဖြစ်စေရန်နှင့် သစ်ပင်သစ်တောများ ဖြစ်ထွန်းလာမှုကြောင့် ရာသီဥတုမျှတကောင်း မွန်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ ကားလမ်းဘေး ဝဲ၊ ယာ သစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့အတူ အပူပိုင်းဒေသများတွင် တစ်ရွာနှစ်ဧက စိုက်ခင်းနှင့် ဘက်စုံသုံးစိုက်ခင်းများတည်ထောင်ခြင်း၊ ကျေးရွာထင်းစိုက်ခင်းများတည်ထောင်ခြင်း၊ အထူးစိမ်းစိုက်ခင်းနှင့် ရေဝေရေလဲဒေသ စိုက်ခင်းတည်ထောင်ခြင်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်ပန်းတောင်း မြို့နယ်ဆည်ပေါက်အမြဲတမ်းပျိုး ဥယျာဉ်အတွင်း သစ်မျိုး ၂၂ မျိုးဖြင့် ပျိုးပင် ၉၀၀၀၀ ကျော် ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး သက်တမ်း နှစ်နှစ်အထက် နှစ်ပေအထက် ပျိုးပင်များစဉ်ဆက်မပြတ်ရရှိရေး၊ သစ်ပင်စိုက်ပွဲတော်များနှင့် လူထုဖြန့်ဝေစိုက်ပျိုးရေးများအတွက် ပျိုးပင်များ လုံလောက်စွာပံ့ပိုးပေးနိုင်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းကို မိုးအမီစိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ချောက်-ဂွေးချို ကားလမ်းဘေး ဝဲ၊ ယာ ၂၀၂၄ ခုနှစ် မိုးရာသီတမာ၊ ယူကလစ်တစ်အုပ်တစ်မစိုက်ခင်း အပင် ၁၇၀၀ စိုက်ပျိုးထားမှု၊ ကားလမ်းဘေး ဝဲ၊ ယာ ပေ ၂၀ ပန္နက်ဖြင့် သုံးပင်တန်း (ဝက်ခေါင်းထိုးစနစ်-Zigzag) စိုက်ပျိုးထားမှု၊ ဂွေးချို-ရေနံချောင်း ကားလမ်းမ ဘေး ဝဲ၊ ယာ ၂၀၂၄ ခုနှစ် မိုးရာသီ ဖျောက်ဆိပ်၊ တမာ၊ ယူကလစ်တစ်အုပ်တစ်မ စိုက်ခင်းများစိုက်ပျိုးထားမှု၊ လမ်းဘေး ဝဲ၊ ယာ ပေ ၂၀ ပန္နက်ဖြင့် သုံးပင်တန်း စိုက်ပျိုးနေမှုနှင့် ရေနံချောင်းမြို့နယ်ရှိ မကွေး-ရေနံချောင်း ကားလမ်းဘေး ဝဲ၊ ယာ တမာ၊ ယူကလစ်အပင် ၂၀၀၀ ကိုသုံးပင် တန်းဖြင့် စိုက်ပျိုးထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေနံချောင်းမြို့နယ်ရှိ နတ်ကန်ဦး ကြိုးပြင်ကာကွယ်တောရှိ အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်း Greening Complex Zone ဧရိယာအတွင်း စိုက်ပျိုးထားသည့် အောင်မြင်ဖြစ်ထွန်းနေသော စိုက်ခင်းများ၊ ရေနံချောင်းမြို့နယ် ယင်းမချောင်းကြိုးပြင် ကာကွယ်တောအတွင်းရှိ ၁/၂၀၂၄ ကျေးရွာထင်းစိုက်ခင်းဧက ၂၀၊ ၂၀၂၄ ခုနှစ် မိုးရာသီအထူးစိမ်း တစ်အုပ်တစ်မစိုက်ခင်း အပင် ၃၀၀၀၊ ယင်းမချောင်းကျေးရွာ ၂၀၂၄ ခုနှစ် တစ်ရွာနှစ်ဧက စိုက်ခင်း၊ အုတ်လှကျေးရွာ ၂၀၂၄ ခုနှစ် တစ်ရွာနှစ်ဧက ဘက်စုံသုံးစိုက်ခင်း၊ မကွေးမြို့နယ်ရှိ မကွေး-ရေနံချောင်းကားလမ်းဘေး ဝဲ၊ ယာ တမာ၊ ယူကလစ် အပင် ၁၅၀၀ ကို ပေ ၂၀ ပန္နက်ဖြင့် သုံးပင်တန်း စိုက်ပျိုးထားမှုနှင့် မကွေး-ကံပြား ကားလမ်းဘေး တမာတစ်အုပ် တစ်မစိုက်ပျိုးထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ မိုးရာသီတွင် အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း တစ်ရွာ နှစ်ဧကစိုက်ခင်းတည်ထောင်ခြင်း အပင် နှစ်သန်း၊ ကားလမ်းဘေး ဝဲ၊ ယာစိမ်းလန်းစိုပြည်ရေး စိုက်ပျိုးခြင်းအပင် ၂၆၅၀၀ နှင့် ရေဝေရေလဲ၊ ကျေးရွာထင်းစိုက်ခင်း၊ အထူးစိမ်းစိုက်ခင်းနှင့် တောင်တန်းစိုက်ခင်းအတွက် အပင် ငါးသန်းစုစုပေါင်းအပင် ခုနစ်သန်းကျော်စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)