NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများ၏ သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် သံဃာတော်များ (အပိုင်း -၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများ၏ သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် သံဃာတော်များ (အပိုင်း -၁)


နိဒါန်း

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့မှာ မြန်မာ့သမိုင်း အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ” အစည်းအဝေးကျင်းပပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာ အာဏာရပါတီရဲ့ မဲလိမ်မဲခိုးမှုတွေကြောင့် တပ်မတော်က တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့ရတဲ့ အခြေအနေကို ဆိုက်ရောက်ခဲ့ပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး တင်ပြရာ မြန်မာ့တပ်မတော် သည် ပြည်သူနှင့် ပတ်သက်လာလျှင် “ ပြည်သူသာအမိ၊ ပြည်သူသာအဖ ” ဟူသော ဆောင်ပုဒ်ကို ခေတ်အဆက်ဆက် ဦးထိပ်ထား ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူတို့ လိုလားတောင်းဆိုသော “ ပါတီစုံဒီမိုကရေစီစနစ် ” ကို ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ခြင်း နည်းလမ်းတည်းဟူသော နိုင်ငံရေး ယဉ်ကျေးမှုများဖြင့် တည်ငြိမ်အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ပါကြောင်း၊၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတို့ကို အောင်မြင်စွာ ကျင်းပပေးခဲ့ပါကြောင်း၊ ၎င်းရွေးကောက်ပွဲများ၌ ကြီးမားသည့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ မရှိခဲ့ဘဲ သာမန်အငြင်းပွားမှုများကိုသာတွေ့ရှိခဲ့ရပြီး အဆိုပါရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု များကိုလည်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နှင့် တာဝန်ရှိသူများက ဥပဒေနှင့်အညီ ဖြေရှင်းပေးခဲ့ပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲသည် ၎င်းစနစ်၏ အသက်ပင်ဖြစ်ပါကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်မှသာလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ် ပေါ်လွင်စေမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄ အရ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌တည်သည်”ဟု ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကိုင်တွယ်ကျင့်သုံးမည့် အစိုးရအဖွဲ့၊ သက်ဆိုင်ရာ လွှတ်တော်အသီးသီး၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အဖွဲ့အစည်းအသီးသီးတို့ကို ရွေးကောက်ပွဲဖြင့် တိုက်ရိုက်၍သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ပြည်သူက ရွေးချယ် ရခြင်းဖြစ်ပါကြောင်း၊ ၎င်းရွေးကောက်ပွဲသည် လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတမှသာ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်ပေါ်လွင်လျက် အချုပ်အခြာအာဏာသည် ပြည်သူ/ နိုင်ငံသားများထံမှ စစ်မှန်သည့် ဆင်းသက်ခြင်းမျိုးဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်မူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန် ခဲ့သော မဲစာရင်းအပေါ် စိစစ်ချက်များအရ မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၁၀၄၈၂၁၁၆ (တစ်ဆယ်သန်းလေးသိန်းကျော်) ရှိခဲ့ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၈ သန်း ရှိပြီး ၎င်းအနက် ၁၀ သန်းကျော် မဲမသမာမှုဖြစ်နိုင်ကြောင်း စိစစ်တွေ့ရှိချက်မှာ မဲပေးပိုင်ခွင့်ရှိသူ လူပမာဏ၏ လေးပုံတစ်ပုံကျော် ( ၂၅ % ကျော် ) မဲမသမာမှုဖြစ်နိုင်နေခြင်း ဖြစ်ပါကြောင်း၊ ၎င်းကိစ္စသည် သာမန်မှားယွင်းမှု၊ သာမန်အငြင်းပွားနိုင်မှုမဟုတ်သည်ကို ပြည်သူလူထုတစ်ရပ်လုံး တွေ့မြင်နိုင်ပါကြောင်း၊ ထိုသို့တွေ့မြင်နိုင်အောင်လည်း တပ်မတော်အနေဖြင့် ပွင့်လင်း မြင်သာစွာ စိစစ်တွေ့ရှိချက် စာရင်းဇယားများထုတ်ပြန်ခြင်း ၃၀ ကြိမ်၊ သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းအား ရွေးကောက်ပွဲမတိုင်မီ ၂ ကြိမ်၊ ရွေးကောက်ပွဲအပြီး ၄ ကြိမ်၊ စုစုပေါင်း ၆ ကြိမ်၊ တရားဝင်ထုတ်ပြန်ခဲ့ပါကြောင်း၊ တပ်မတော်သတင်းစာ ရှင်းလင်းပွဲများ၌လည်း ပြည်တွင်း၊ ပြည်ပမီဒီယာ ၅၀ ကျော်ရှေ့တွင် သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသခဲ့ပြီးဖြစ်ပါကြောင်း။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်၏ အုတ်မြစ်ဖြစ်သော ရွေးကောက်ပွဲအား လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေး၊ ရိုးသားသည့်နိုင်ငံရေးဖြစ်စေရေး ရွေးကောက်ပွဲမတိုင်မီကပင် အကြိမ်ကြိမ် ပြောကြားခဲ့ပါကြောင်း၊ “ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲ ” ဖြစ်ခဲ့ခြင်း ရှိ/ မရှိကို ရွေးကောက်ပွဲကျင်းပသည့်ရက် ၁ ရက်တည်းကြည့်ပြီး ဆုံးဖြတ်၍မရနိုင်ပါကြောင်း၊ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲရက်ကာလ၊ ရွေးကောက်ပွဲ အပြီးကာလ အနည်းဆုံး ကာလ ၃ ခု၌ လွတ်လပ်၍ တရားမျှတမှု ရှိ/ မရှိ၊ သံသယ ကင်းကင်း၊ သန့်သန့်ရှင်းရှင်း ရှိ/မရှိ သုံးသပ်စိစစ်ရမည်ဖြစ်ပါကြောင်း၊ ကျင်းပ ပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် ၎င်းအချိန်ကာလ ၃ ခုလုံး၌ လွတ်လပ်မှု၊ တရားမျှတမှု၊ သန့်ရှင်းမှုများအပေါ် အငြင်းပွားဖွယ်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း ယနေ့ အထိ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ ၂၀ ပါတီမှ ကြေညာချက် ၂၆ စောင် ထုတ်ပြန်ပြီး ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုပြုနိုင်သည့် စာရင်းများကို ရှင်းလင်းပြီးစီးမှု မပြီးမချင်း တတိယအကြိမ်လွှတ်တော်ကို ဆိုင်းငံ့ထားရန် တောင်းဆိုခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်း ၁၀.၁၁.၂၀၂၀ ရက်နေ့မှ ၂၉.၁.၂၀၂၁ ရက်နေ့အထိ မြို့နယ် ၉၉ မြို့နယ်၌ ဆန္ဒဖော်ထုတ်မှု ၁၂၄ ကြိမ် ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာလျက် “ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ” ဖြစ်စေရေး ဥပဒေပြဋ္ဌာန်းချက်များကို မကျော်လွန်စေဘဲ ၂-၁၁-၂၀၂၀ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြိုကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ဆဲဥပဒေများကို ကျော်လွန်၍ ညွှန်ကြားချက် အမျိုးမျိုးထုတ်နေမှုများ၊ ကြိုတင်မဲပေးချိန်၌ ကြုံတွေ့နေရသည့်  ဥပဒေနှင့်မညီညွတ်မှု များအား ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့အား သဘောထားထုတ်ပြန်ကြေညာခြင်း၊ ၂-၁၁-၂၀၂၀ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးအား လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် ဒေသခံတိုင်းရင်းသားပြည်သူများအား ခြိမ်းခြောက်မှုမပြုစေရေးနှင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးလှုပ်ရှားခွင့် ရရှိစေရေး ဆောင်ရွက်ပေးရန် သဘောထားထုတ်ပြန် ကြေညာခြင်း၊ ၃၀-၁၁-၂၀၂၀ ရက်နေ့တွင် ရွေးကောက်ပွဲအငြင်းပွားမှုများ ဖြေရှင်း နိုင်ရန်နှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအဖြစ် အများပြည်သူ သံသယ ကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေး သက်သေခံ ဥပဒေ ပုဒ်မ ၇၄ နှင့် ၇၆ တို့အရ စာရွက်စာတမ်းများ ကူးယူခွင့် တောင်းခံသည့် သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခြင်း၊ ၁၀-၁၂-၂၀၂၀ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ စာရွက်စာတမ်း ကူးယူခွင့်များကို ခွင့်မပြုသဖြင့် ၎င်းစာရွက်စာတမ်းများအား ကူးယူခွင့်တောင်းခံခြင်းမှာ နိုင်ငံသား တစ်ဦး၏ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးနှင့် ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ တောင်းခံခြင်းဖြစ်သည့်အတွက် ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်း သည့် သဘောထားထုတ်ပြန်ခြင်း၊ ၁၄-၁-၂၀၂၁ ရက်နေ့တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦး တို့က ၁၁-၁-၂၀၂၁ ရက်နေ့၌ အခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးခေါ်ယူရန် တင်ပြချက်အား ငြင်းဆန်မှုအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်း ရှိ/မရှိ ပြန်လည် ဆန်းစစ်ပေးရန် သဘောထားထုတ်ပြန်ခြင်း၊ ၂၀-၁-၂၀၂၁ ရက်နေ့တွင် တပ်မတော်၏ ရွေးကောက်ပွဲအပေါ် စိစစ်တွေ့ရှိချက်များ၊ မဲမသမာမှု ဖြစ်စေနိုင်သည့်စာရင်းများ ထုတ်ပြန်နေရခြင်းမှာ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်း မြင်သာသည့် အထွေထွေရွေးကောက်ပွဲရလဒ်ကို သံသယကင်းရှင်းစွာ အသိအမှတ် ပြုလိုခြင်းကြောင့်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးရန်နှင့် လွတ်လပ်၍တရားမျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မည်ဆိုလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်မည်ဖြစ်၍ တပ်မတော်နှင့် အခြားသောနိုင်ငံရေးပါတီများအနေဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်ဖြစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေ့ရှု၍ ပြည်ထောင်စုလွှတ်တော်က သော်လည်းကောင်း၊ နိုင်ငံတော်အစိုးရက သော်လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသော်လည်းကောင်း နည်းလမ်းရှာဖြေရှင်းပေးပါရန် သဘောထား ထုတ်ပြန်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့် ၎င်းထုတ်ပြန်ချက်များအား ထုတ်ပြန်ခဲ့သည့်အပြင် အစိုးရအဖွဲ့ထံ အထက်ပါကိစ္စများကို ဖြေရှင်းပေးနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအား ခေါ်ယူပေးပါရန် တင်ပြ ခဲ့ပါကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြောကြားရာတွင် တပ်မတော်အနေဖြင့် ကြေညာချက်များ ထုတ်ပြန်၍ ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ရွေးကောက်ပွဲနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဖြေရှင်းပေးရန် ပထမအဆင့် ပြောကြားခဲ့ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းပေးရန် ငြင်းဆန်သည့်အခါ ပြည်ထောင်စုလွှတ်တော်မှတဆင့် ဖြေရှင်းပေးနိုင်ပါရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဥပဒေနှင့်အညီ တောင်းဆိုသည့် ပြည်ထောင်စု လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူပေးရန် ငြင်းဆန်သည့်အခါ လက်ရှိကြုံတွေ့ နေရသော အခြေအနေများကို နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တစ်ခုခုက နည်းလမ်းရှာဖြေရှင်းပေးပါရန် တောင်းဆိုခဲ့ပါကြောင်း၊ ၎င်းအဆင့်အားလုံး ငြင်းပယ်ခံရသည့်အခါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် အဓိကတာဝန်ရှိသော သမ္မတဦးစီးသည့် အရပ်ဘက်၊ စစ်ဘက်အားလုံးကို ကိုယ်စားပြုသော “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ” အစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးကြရန်တင်ပြခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့် ဤသို့ လုပ်ထုံး၊ လုပ်နည်း၊ ဥပဒေများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပါကြောင်း။

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄ အရ  “နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်စေရန် ” ကိုလည်းကောင်း၊ ပုဒ်မ ၆ (ဃ)နှင့်  ပုဒ်မ ၇ တို့အရ “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး” ကိုလည်းကောင်း၊ ပုဒ်မ ၆ (စ)အရ “ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်”ကိုလည်းကောင်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သော မဲမသမာမှုဖြစ်နိုင်သည့်စာရင်း ၁၀၄၈၂၁၁၆ (တစ်ဆယ်သန်းလေးသိန်း ကျော်)အား တာဝန်ရှိသူအဆင့်ဆင့်ကဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်အသီးသီးအား ခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန် ကြိုးစားခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀ (ဂ)နှင့် ပုဒ်မ ၄၁၇ ပါ “ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်း ” ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါတယ်။

အစည်းအဝေးမှာ နိုင်ငံတော်ယာယီသမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အား သုံးသပ်ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ( ၂၀၀၈ ခုနှစ် ) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာပြီး ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(က)အရ နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးလိုက်ကြောင်းဖြင့် ပြောကြားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်တင်ပြ ဆွေးနွေးရာတွင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များအား လေးစားလိုက်နာလျက် နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား ယာယီသမ္မတမှ လွှဲပြောင်း တာဝန်ပေးထားသည့် ယနေ့မှစ၍ စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်တာဝန်ဆောင်ရွက်ခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်းမရှိသော တည်ဆဲဥပဒေများ အတိုင်း လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ငံရေးပါတီအား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးသွားမည်ဖြစ်ပါကြောင်းဖြင့် တင်ပြဆွေးနွေးပြောကြားခဲ့ပါတယ်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး အစည်းအဝေး ဟာ မြန်မာ့သမိုင်း အလှည့်အပြောင်းတစ်ခုကို စတင်ခဲ့တဲ့ အစည်းအဝေးပါပဲ။ အဲဒီနေ့ကစပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဦးဆောင်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံတော်ရဲ့ တာဝန်များကို စတင်တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

တဖက်မှာတော့ မဲလိမ်မဲခိုးမှုတွေကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရတဲ့ NLD ပါတီဟာ သူတို့ကျူးလွန်ခဲ့တဲ့ မဲလိမ်မဲခိုးမှုတွေနဲ့ ပတ်သက်လို့ ဝန်ခံခြင်းမရှိသည့်အပြင် သူတို့သာလျှင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရ၊ မတရားသဖြင့် အာဏာသိမ်းတဲ့ တပ်မတော် စသည်ဖြင့် NLD ဦးဆောင်သူများ၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ အနုပညာရှင်ဆိုသူများ က ဦးဆောင်လှုံ့ဆော်မှုတွေ စတင်လုပ်ဆောင်လာခဲ့ပါတယ်။ 

တပ်မတော်က အာဏာအရပ်ရပ်ကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ စတင်လွှဲပြောင်း တာဝန်ယူခဲ့ပြီး ဖေဖော်ဝါရီလ (၄)ရက်နေ့မှစတင်ကာ NLD ဦးဆောင်သူများ၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ အနုပညာရှင်ဆိုသူများ က ဦးဆောင်လှုံ့ဆော်မှုနဲ့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံမှာ ဆူပူဆန္ဒပြမှု စတင်လုပ်ဆောင်ခဲ့ပါတယ်။

စာရေးသူအနေနဲ့ မြန်မာ့သမိုင်း အချိုးအကွေ့တစ်ခုမှာ NLD ပါတီမှ ပုဂ္ဂိုလ်များ၊ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ဦးဆောင်ပါဝင်တဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ ဆူပူဆန္ဒပြမှုများမှသည် အကြမ်းဖက်လုပ်ရပ်များ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့တဲ့ ကာလတလျှောက် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းများထဲက အမျိုး ဘာသာ သာသနာအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ သံဃာတော်များကို သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်များကိုသာ အဓိကထားပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။

NLD ပါတီမှ ပုဂ္ဂိုလ်များ၊ ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ဦးဆောင်ပါဝင်တဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေဟာ ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်နေသလို တဖက်မှာလည်း သူတို့ကို အားပေးအားမြှောက်လုပ်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ အကြံပြုခိုင်းစေချက်များကို ဖော်ဆောင်တဲ့အနေနဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ စင်ပြိုင်အစိုးရ (NUG) ဆိုတာတွေကို ဖွဲ့စည်းလျှက် ရှိပါတယ်။ အဲဒီကမှ  ဆူပူဆန္ဒပြမှုများ ပါဝင်ရင်း သွေးကြွလာတဲ့ လူငယ်တွေကို KNU, KIA တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များထံ စည်းရုံးသိမ်းသွင်း ခေါ်ဆောင်သွားပြီး အကြမ်းဖက်သင်တန်းပေးကာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာပြီးနောက် ငါနဲ့မတူ ငါ့ရန်သူ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေကို သတ်ဖြတ်၊ အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်တဲ့ လုပ်ရပ်တွေ စတင်ကျူးလွန်လာခဲ့ကြပါတယ်။ နောက်တော့ အမျိုးသားရေးလှုပ်ရှားသူများကိုလည်း သတ်ဖြတ်၊ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ နစကအစိုးရက စီစဉ်ဆောင်ရွက်လာတဲ့အခါ ဆရာ/ ဆရာမတွေကို ပါ ပစ်မှတ်ထား သတ်ဖြတ်မှုတွေ လုပ်ဆောင်လာကြပြန်ပါတယ်။ 

KNU, KIA တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံမှာ အကြမ်းဖက်သင်တန်းဆင်းပြီး ပြန်လာတဲ့ နီပိန်းတွေ များလာသည်နှင့်အမျှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ပေါင်းများစွာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေဟာလည်း နေ့စဉ်ရက်စက်ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။ KNU, KIA တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံမှာ တပည့်ခံခဲ့တဲ့ နီပိန်း အသွင်ပြောင်း PDF အကြမ်းဖက်သမားတွေဟာ မူးယစ်ဆေးရဲ့ သားကောင်းများအဖြစ်သို့ ရောက်ရှိပြီး ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုများမှာ လူပုဂ္ဂိုလ်များကိုသာ ပစ်မှတ်ထားခြင်းမျိုး မဟုတ်တော့ဘဲ သံဃာတော်များကိုပါ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်တဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေ ရင်နင့်ဖွယ်ရာ မြင်တွေ့လာခဲ့ရပါတယ်။

၂၀၂၄ခုနှစ်၊ ဇွန်လ (၂၁)ရက် နေ့က ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က သံဃာတော် အရှင်သူမြတ်များကို လျှောက်ထားတင်ပြချက်မှာ “တပ်မတော်အနေနဲ့ ဒီမြန်မာနိုင်ငံမှာ ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာ စည်ပင်ထွန်းကားပြန့်ပွားစေဖို့၊ ခိုင်မာစေဖို့ ရှေးယခင်ကတည်းက ယနေ့အထိ တက်ကြွနှိုးကြားစွာဆောင်ရွက်ခဲ့တာကို ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ ဘာသာဝင်တွေအားလုံး သိရှိပြီးဖြစ်ပါတယ်။ ဒီဖြစ်စဉ်တစ်ခုလောက်ကို အခွင့်ကောင်းယူပြီး ပြည်ဖျက်မီဒီယာတွေ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက ပျက်စီးရာပျက်စီးကြောင်း အချိန်ကိုက်လှုံ့ဆော်နေတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့အထိ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်တိုက်ခိုက်မှုတွေကြောင့် ရဟန်းသံဃာ ၁၄၀ ပါး၊ သီလရှင် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါးဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ဘာတစ်ခွန်းမှမပြောဘဲ ရေငုံနှုတ်ပိတ်နေနေကြတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို သတိရှိဖို့လိုအပ်ကြောင်း မေတ္တာရပ်ခံလိုပါတယ်။” ဟု လျှောက်ထားတင်ပြသွားခဲ့ပါတယ်။

စာရေးသူကို ဆရာတော်တစ်ပါးက သံဃာတော်များ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်များနဲ့ ပတ်သက်လို့ စုစည်းတင်ပြပေးဖို့ မိန့်ကြားထာတာ ကြာခဲ့ပါပြီ။ နိုင်ငံရေးလုပ်စားသူ ပြည်ဖျက်မိစ္ဆာတွေ အမျိုး ဘာသာ သာသနာအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားစော်ကားခဲ့တဲ့ လုပ်ရပ်တွေကို သမိုင်းမှတ်တမ်းအဖြစ် ပြုစုထားဖို့ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ပြီ ဖြစ်တဲ့အတွက် စာရေးသူအနေနဲ့ ဖြစ်စဉ်ဖြစ်ရပ်တစ်ခုချင်းစီအလိုက် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများရဲ့ လှုံ့ဆော်မှုနဲ့အတူ PDF အမည်ခံ အကြမ်းဖက်သမားများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ လက်ချက်နဲ့ သံဃာတော်များ ပျံလွန်တော်မူခဲ့ရတဲ့ ဖြစ်စဉ်များ၊ ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်များကို အခန်းဆက် စုစည်းတင်ပြသွားမှာ ဖြစ်ပါတယ်။


ဆက်လက်ဖော်ပြပါမည်။

နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)