ဆရာတင်ညွန့်=STN ၏ ပညာရေးဆောင်းပါးကို ဝေဖန်ခြင်း (အပိုင်း - ၂) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆရာတင်ညွန့်=STN ၏ ပညာရေးဆောင်းပါးကို ဝေဖန်ခြင်း (အပိုင်း - ၂)


ဆရာတင်ညွန့်= STN အနေနှင့် မှန်ကန်သောသမိုင်းသက်သေရှိလျက် သမိုင်းကို ဖျောက်ဖျက်ဖုံးကွယ်ခြင်းကြောင့် သမိုင်းမှတ်တမ်းအဖြစ်တင်ကျန်နေသော -

4 APRIL 1958 'ဟံသာဝတီသတင်းစာ' အထောက် အထားနှင့်ပြန်ရှင်းပြပါမည်။ '၁၉၆၀ ခုနှစ် ဇွန်လ ကစပြီးတက္ကသိုလ်ကျောင်းများတွင် နိုင်ငံခြားဘာသာရပ်မှအပ ကျန်ဘာသာရပ်များကို တဆင့်ပြီးတဆင့် မြန်မာဘာသာရပ်ဖြင့်သာ ပြောင်းလဲသင်ကြားမည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပညာရေးစုံစမ်းမှုကော်မတီက ရဲရဲတောက် ကြေညာလိုက်လေသည်' ဟု ၄.၄.၁၉၅၈ ထုတ် ဟံသာဝတီသတင်းစာတွင်သတင်းစာရှင်းလင်းပွဲနှင့်အတူ ဖော်ပြထားသည်။ ထိုကြေညာချက်အရ တက္ကသိုလ်တွင် နိုင်ငံခြားဘာသာမှအပ ကျန်ပညာရပ်တို့ကို မြန်မာစာသင်ကြားမှု မဏ္ဍိုင်ထားရေးသည် ဦးနေဝင်းညွှန်ကြားချက် မဟုတ်သလိုတော်လှန်ရေးကောင်စီနှင့်လည်းမဆိုင်ပေ။

၁၉၅၈ ဧပြီ ၄ ရက်အချိန်ကာလသည် ဦးနုဦးဆောင်သည့် ဖဆပလအစိုးရခေတ်ဖြစ်ရာ 'ပညာရေးစုံစမ်းမှုကော်မတီ' ၏ဥက္ကဋ္ဌမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုဖြစ်သည်။ 'ပညာရေးစုံစမ်းမှုကော်မတီ' ဦးဆောင်သူများမှာ ထိုခေတ်ပညာရေးဝန်ကြီး ဦးထွန်းတင်၊ ဒေါက်တာဦးအေးမောင်၊ ပညာမင်းကြီးဦးဘ၊ ပညာမင်းကြီးဟောင်းဦးချို၊ လွှတ်တော်ချုပ်တရားဝန်ကြီးဦးဘိုကြီး၊ ကျောင်းသုံးစာအုပ်ထုတ်ဝေရေး ညွှန်ကြားရေးဝန် ဦးသိန်းဟန်(ဆရာကြီးဇော်ဂျီ) စသူတို့ဖြစ်သည်။ ပညာရေးစုံစမ်းမှုကော်မတီသည် ၁၉၅၇ ဇွန်လကတည်းက နိုင်ငံတဝှမ်းလုံးလှည့်လည်၍ ပြည်သူလူထုထံမှ အကြံဉာဏ်များကို မေးခွန်းလွှာထုတ်၍ တောင်းဆိုခဲ့ပြီး တက္ကသိုလ်မှ သိပ္ပံ၊ ဝိဇ္ဇာ၊ ဆရာဝန်အတတ်၊ စက်မှုလက်မှုပညာရပ်ဆိုင်ရာ မဟာဌာနမှူးများ၊ ပါမောက္ခများနှင့် ဆွေးနွေးကာ ဆုံးဖြတ်ချက်ရပြီဆိုမှ ၃.၄.၁၉၅၈တွင် ကြေညာခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်များ၌ မြန်မာစာသင်ကြားမှု မဏ္ဍိုင် ကို ၁၉၆၀ဇွန်မှစမည်ဆိုသော်လည်း တချိန်တည်းတပြိုင်တည်းမဟုတ်၊ နှစ်များခွဲခြားပြောင်းလဲသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဖော်ပြထားသည်။

၁၉၅၈ ခုနှစ်ဖဆပလ အစိုးရခေတ် စီမံမှုကြောင့်ဖြစ်သည်ကို သိလျက်နှင့် STN က တော်လှန်ရေးကောင်စီတက်သည့် ၁၉၆၂ ၌တက္ကသိုလ်များတွင် မြန်မာစာသင်ကြားမှုမဏ္ဍိုင် ဖြစ်သည်ဟု ဆိုခြင်းမှာ ဦးနေဝင်းအာဏာရှင်ထင်ရာလုပ်သည်ဟု သမိုင်းမလေ့လာနိုင်သူများကို သူ့အရှိန်ဖြင့် မုသားဆိုခြင်းဖြစ်သည်။ စာရေးဆရာကျောင်းဆရာတယောက် မလုပ်ထိုက်သော အလုပ်ကိုလုပ်ခြင်းဟု ပြတ်သားစွာဝေဖန်ပါသည်။အပိုဒ် ၈ ကြည့်ဦးစို့။

(၈။ ၁၉၆၁-၆၂ ပညာသင်နှစ်မှစတင်ပြီး မူလတန်းလွန်ပညာရေးအဖွဲ့က ပြဋ္ဌာန်းသော သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားရာတွင် မူလတန်းအဆင့်၌ အင်္ဂလိပ်စာကို သင်ကြားခြင်း မရှိတော့ပေ။ မြန်မာစာ၊ အခြေခံ သင်္ချာ၊ နိုင်ငံသမိုင်း၊ ပထဝီဝင်၊ အခြေခံ အထွေထွေသိပ္ပံဘာသာရပ်များကိုသာ စာမေးပွဲဘာသာများအဖြစ် ပြဋ္ဌာန်း လိုက်သည်။ အလယ်တန်းအဆင့်မှ စတင်ပြီး အင်္ဂလိပ်စာကို စတင်သင်ကြားသည်။ အထက်တန်း အဆင့်တွင်လည်း မယူမနေရဘာသာရပ်ထဲတွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ဘာသာရပ်များကို ထည့်သွင်း သင်ကြားသည်။)

အပိုဒ် ၈ တွင်လည်း STN က အချက်အလက် အလွဲတွေပေးထားသည်။ သင်ရိုးညွှန်းတမ်းသစ်၊ သင်ရိုးသစ်များကို ၁၉၆၅ ရောက်မှသာစပါသည်။ (အထက်တန်း အဆင့်တွင်လည်း မယူမနေရ ဘာသာရပ်ထဲတွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ဘာသာရပ်များကို ထည့်သွင်းသင်ကြားသည်) ဟူသော အဆိုလည်းမှားပါသည်။လယ်ဆင့်= ၈တန်းအောင်လျှင် ဝိဇ္ဇာ၊ သိပ္ပံခွဲစနစ်ကို တော်လှန်ရေးကောင်စီခေတ်တွင် စရာ ဝိဇ္ဇာသမားတို့ထက်ဆင့် ၉တန်းရောက်လျှင် မယူမနေရ ၅ဘာသာမှာ မြန်မာ၊ အင်္ဂလိပ်၊ သမိုင်း၊ ပထဝီ၊ ဘောဂ ဖြစ်ပြီးစိတ်ကြိုက် ၂ဘာသာမှတခုယူရသည်။ စိတ်ကြိုက်ဘာသာ၂ ခုမှာ Optional Burmese(OB=စိတ်ကြိုက်မြန်မာစာ)နှင့် OM= စိတ်ကြိုက်သင်္ချာဖြစ်သည်။ သိပ္ပံရသူ ထက်ဆင့် ၉တန်း တို့ မသင်မနေရ ၅ ဘာသာမှာ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ရူပ ဖြစ်ပြီးစိတ်ကြိုက် ဘာသာ=ဇီဝ၊ စိုက်ပျိုးရေး၊ ဘူမိ ဗေဒ ၃ ခုထဲမှ တခုယူရသည်။ ဝိဇ္ဇာသမားတို့ယူ စိတ်ကြိုက်သင်္ချာသည် သိပ္ပံသမားတို့ မသင်မနေရ သင်္ချာထက် များစွာလွယ်ကူသည်။ ဝိဇ္ဇာသမားတို့ မသင်မနေရသင်္ချာမှာ ၁၉၈၅-၁၉၉၄ထိ ဝိဇ္ဇာသိပ္ပံ ၂ မျိုးတည်းသာပြန်ခွဲခေတ်၊ ဦးသန်းရွှေခေတ် အမျိုးသားပညာရေးအနှစ် ၃၀ စီမံကိန်းစသည့် ၂၀၀၁ မှ ၂၀၂၃ ထိ ဘာသာတွဲ၈ တွဲခွဲခေတ် နှင့် ၂၀၁၆ KG+12 တန်းစနစ်အရ ဘာသာတွဲ ၄ တွဲ ၂၀၂၄ခေတ်တို့မှာ သင်္ချာသည် မသင်မနေရ တက္ကသိုလ်ဝင်တန်းမှာ မဖြေမနေရဘာသာဖြစ်သည်။ ဘာသာတွဲ ၈တွဲ၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ မှာမယူမနေရဖြစ်သည်။ (၁)သိပ္ပံစစ်စစ်ဘာသာတွဲ၌ ဓာတု၊ ရူပ၊ ဇီဝ(၂) ဝိဇ္ဇာ+သိပ္ပံ ဘာသာတွဲ ၄ ခုမှာ (က)ဘောဂ၊ ဓာတု၊ ရူပ (ခ)သမိုင်း၊ ဓာတု၊ ရူပ (ဂ)ပထဝီဝင်၊ ဓာတု၊ ရူပ (ဃ)စိတ်ကြိုက်မြန်မာစာ၊ ဓာတု၊ရူပ (၃)ဝိဇ္ဇာဘာသာတွဲ ၃ ခုမှာ (က)ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ (ခ)ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ (ဂ)သမိုင်း၊ ဘောဂ၊ စိတ်ကြိုက်မြန်မာစာ ဖြစ်သည်။

KG+12 တန်းစနစ် ဘာသာတွဲ ၄မျိုး၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ မှာ မသင်မနေရဖြစ်ပြီး စိတ်ကြိုက် ၄တွဲမှာ (က) ဓာတု၊ ရူပ၊ ဇီဝ (ခ)ဓာတု၊ ရူပ၊ ဘောဂ (ဂ)ပထဝီ၊ သမိုင်း၊ ဘောဂ (ဃ)ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ ဖြစ်သည်။

ဤမျှရှင်းပြရခြင်းမှာ ( STN က ၁၉၆၁-၆၂ မှစ၍အထက်တန်း အဆင့်တွင်လည်း မယူမနေရ ဘာသာရပ်ထဲတွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ဘာသာရပ်များကို ထည့်သွင်းသင်ကြားသည်)ဟူသော တင်ပြချက်မှားသည်ကို သိစေလိုခြင်းဖြစ်ပါသည်။ အပိုဒ် ၉ကြည့်စို့။

(၉။ ၁၉၇၇-၇၈ ခုနှစ် စာသင်နှစ်ကစတင်ခဲ့သော အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို နိုင်ငံတော်၏ ပြောင်းလဲနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ အရပ်ရပ်တို့ကြောင့် ၁၉၈၅-၈၆ စာသင်နှစ်မှစတင်ပြီး သင်ရိုးညွှန်းတမ်းအသစ်ဖြင့် ပြောင်းလဲသင်ပြန်သည်။ ၁၉၈၁ ခုနှစ် စာသင်နှစ်မှ စတင်ပြီး မူလတန်းအဆင့်တွင် အင်္ဂလိပ်စာကို ပြန်လည်သင်ကြားရသည်။ နှစ်ပေါင်း ၂၀ ခန့် အခြေခံမှ စတင်ပြီး အင်္ဂလိပ်စာနှင့် အဆက်အသွယ် ပြတ်ခဲ့ရခြင်းဖြစ်သည်။)

စနစ်သစ်ဆိုသော စကားလုံးနှင့် စနစ်သစ်ပညာရေးကို ၁၉၆၆ မှစပြီး၊ သင်ရိုးညွှန်းတမ်းသစ်၊ သင်ရိုးသစ်များဖြင့်စသည်။ ၁၉၆၆ မှ ၁၉၈၀ထိ မူလတန်းအောက်ဆင့်= KG,G.1,G.2 ၌ မြန်မာစာ၊ သင်္ချာ ၂ခုသာ သင်ရပြီး မူ ထက်ဆင့်= G.3,G.4 တွင် မြန်မာစာ၊ သင်္ချာ၊ သမိုင်း၊ ပထဝီ ၄ဘာသာသင်ရသည်။ STN တို့လည်း ထိုဘာသာတို့ပင် သင်ရပြီး စနစ်ဟောင်း ဖဆပလခေတ်သင်ရိုးဖြစ်သည်။ မူထက်ဆင့် သိပ္ပံသင်ရိုးကို ၁၉၇၉ မှာစသင်သည်။ အလွန်ကောင်းသော သင်ရိုးဖြစ်ပါသည်။ ၁၉၈၁ ၌ KG မှစကာ မူဆင့်၌ Eng သင်သည်။၁၉၆၆မှ ၁၉၈၃ထိ ပြုပြင်စရာမလိုသော မြန်မာ၊ သမိုင်း၊ ပထဝီ၊ သိပ္ပံသင်ရိုးများကို ၁၉၈၄ တွင် ဖြုတ်၊ ပယ်၊ လျှော့၊ အသစ်ပြင်လိုက်ရာ သင်ရိုးကျဆင်းသွားသည်။ မူဆင့်မှာ အင်္ဂလိပ်စာသင်ရ၍ မြန်မာစာပေကျဆင်းသော ဆိုးကျိုးက ယခုခံစားရသလို သမိုင်းမသိ (ငအ)၊ ပထဝီမသိ (ငကန်း)ဖြစ်ကုန်ကြပြီ။ ယခုပင် စနစ်ကောင်းကိုသင်ယူခဲ့သော STN ပင် ပညာရေးသမိုင်းအမှန်ကို မြင်အောင်မကြည့်နိုင်သည်ကို တွေ့ရရာ၊ ၁၉၈၄၊ ၂၀၀၁၊ ၂၀၁၆ သင်ရိုးညံ့များ သင်ယူပြီး ဦးဆောင်သင်ကြားနေသည့် ဆရာများအသိ အလွန်နည်းသွားမည်ကို သုံးသပ်နိုင်ပါသည်။ ဤတွင်ထပ်မံပြောလိုသည်မှာ ၂၀၁၆ မှ ၂၀၂၃ထိ KG+12 စနစ်အရ ပြုစုသော သင်ရိုးများသည် တန်းစဉ်ဘာသာတိုင်း အလွဲအမှားအပစ်အနာအဆာများ ရှိပြီး သမိုင်း၊ မြန်မာ၊ အင်္ဂလိပ်တို့မှာအမျိုးသားရေးစံနှင့် တိုင်းလျှင် နိုင်ငံလူမျိုးကို အကျိုးယုတ်အောင် တမင်ပြုစုထားသလိုဖြစ်ရာ ယခုချက်ခြင်းပယ်ဖျက်၍ ၂၀၀၁ က သင်ရိုး ပြန်လည် အစားထိုးရမည်။၂၀၁၆ သင်ရိုးပြုစုသူများသည် ပညာအားလည်းညံ့သလို နိုင်ငံလူမျိုးအပေါ် စေတနာထားမှုလည်းမရှိဟု ပြတ်သားစွာသုံးသပ်ပါသည်။ သိပ္ပံဘာသာရပ်မှာ ဓာတုကိုဝေဖန်ရလျှင် ၁၉၈၆သင်ရိုးသစ် စစဉ် ဆရာကြီးဒေါက်တာကိုကိုကြီး ပြုစုသည့် အင်္ဂလိပ်လိုအခြေခံဓာတုကို KG+12စနစ်အရ ယနေ့ဓာတုဒေါက်တာတို့ ပြုစုအခြေခံဓာတုကမမီ။ ယခု ဓာတု ဒေါက်တာတို့သည် ကိုးကားစာအုပ်ထဲမှ စာများကိုကူးချထားရာ အစီအစဉ်မကျပေ။

ပညာရေး မတိုးတက်ရခြင်းသည် STN သုံးသပ်သလို အင်္ဂလိပ်စာ အဆက်ပြတ်သွားခြင်းကြောင့် မဟုတ်သလိုပုဂ္ဂလိကကျောင်းတွေကို ပြည်သူပိုင်သိမ်းခဲ့ခြင်းကြောင့်လည်း မဟုတ်ပါ။ ခေတ်အဆက်ဆက် မလိုအပ်ဘဲ သင်ရိုးများပြောင်းခြင်း၊ ပညာရေးမူဝါဒဖော်ဆောင်သူ အသီသီး နိုင်ငံလူမျိုး အကျိုးမကြည့်ဘဲ အကျင့်စာရိတ္တချွတ်ခြုံကျကာ ခေါင်မိုးမလုံ၍ ၁၉၉၅မှ ၂၀၀၇ထိ ခိုးအောင်စနစ် ဗြောင်ကျင့်သုံးခဲ့ခြင်း၊ တက္ကသိုလ်ဆရာများ အမှတ်စစ်ရာ၌ မသမာမှုတွေ ဗြောင်ဖြစ်ပေါ်ခဲ့ခြင်း၊ ထိုအကျင့်စာရိတ္တပျက်ယွင်းမှုက  ယခုတိုင်ရှိနေခြင်းတို့ကို STN မဝေဖန်ပေ။ STN ကိုယ်တိုင် မုသားကိုကျူးလွန်နေရာ STN ကဲ့သို့ပင်မာယာ= လိမ်ခြင်း၊ လှည့်ဖျားခြင်း၊ သာဌေယျ= ဟန်ဆောင်ခြင်းတို့ရှိသော ဒဲ့ပြောရလျှင် ရိုးသားဖြောင့်မတ်မှု လုံးဝမရှိသော ပညာရေးတာဝန်ရှိသူများ ၁၉၉၅မှ ယနေ့၂၀၂၄ထိ ဦးဆောင်နေကြခြင်းကြောင့် မြန်မာ့ပညာရေးကျဆင်းနေခြင်း ဖြစ်သည်။ ပညာရေးဦးဆောင်သူများကိုယ်တိုင် ပညာရေးကို မပျက်ပျက်အောင် ခဏခဏပြင်ကြရာ NLD ခေတ်မှာတော့ လုံးဝဥဿုံဖျက်ဆီးပြီးသွား ပြီဖြစ်သည်။

ပညာရေးဦးဆောင်သူများကိုယ်တိုင် ပညာရေးကို မပျက်ပျက်အောင်ခဏခဏပြင်ကြရာ NLD ခေတ်မှာတော့ လုံးဝဥဿုံဖျက်ဆီးပြီးသွားပြီဖြစ်သည်။ နစကခေတ်မှာ ထိုပညာရေးဖျက်ဆီးသူများပင် ပညာရေးကိုဆက်လက်ဦးဆောင်နေသည်။ ၎င်းကို STN မပြောခြင်းမှာ STN ကိုယ်တိုင်မာယာ သာဌေယျသမားမို့ ဖြစ်ပါသည်။ အပိုဒ် ၁၀ ကြည့်ပါဦး။

(၁၀။ တော်လှန်ရေးကောင်စီက အင်္ဂလိပ်စာသင်ကြားရေးကို အဆင့်လျှော့ချနေချိန်တွင် ဖြစ်သင့်သည်ထက် ဖြစ်ချင်သည်ကို လိုက်လံအကောင်အထည်ဖော်ပေးနေကြသည့် ပညာရှင်များကလည်း “မည်သည့်ပညာရပ်ကို မဆို အထိရောက်ဆုံး သင်ကြားနိုင်ရေးမှာ တိုင်းရင်းသား ဘာသာပင်ဖြစ်ကြောင်း” “ဤစနစ်မှာ စပ်ကူး မတ်ကူးကာလတွင် အခက်အခဲများ ရှိတန် သလောက် ရှိနိုင်သော်လည်း ရေရှည်တွင် အကျိုးထူးရှိမည့် စီမံချက်ဖြစ်ကြောင်း” ဝိုင်းဝန်းထောက်ခံပေးကြသည်။ ပြီးနောက် ဘီအေ၊ ဘီအက်စ်စီ၊ ဒီဂရီ အဆင့်အထိ မြန်မာဘာသာဖြင့် သင်ကြားနိုင်ရေးအတွက် စီမံကြတော့သည်။)

ခေတ်သစ်ကျောင်းသင်ပညာသည် ကိုလိုနီခေတ် ၁၈၆၇ နှစ်မှစပြီး အင်္ဂလိပ်အစိုးရ၏ ပညာရေးစီမံသူကုလားဖြူအင်္ဂလိပ်များသည် မက္ကောလေးမူအခြေခံပြီး သင်ရိုးပြုစုခြင်း၊ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း စသည်တို့ပြုခဲ့ရာ ကျွန်ပညာအစစ်ဖြစ်သည်။ ကိုလိုနီခေတ်ဦး ပထမဆုံးကျောင်းသားတို့မှာ ဘကြီးဘဖေ(ဘဘေ)၊ ဒေါက်တာဘမော်၊ ဒေါက်တာဘရင်၊ ဒေါက်တာဘဟန် စသူတို့ဖြစ်သည်။ ကျွန်ပညာပေးမှန်းသိသော်လည်း ဘယ်လိုတော်လှန်ရမည်ကို အခြေအနေမပေး၍ မတော်လှန်နိုင်ခဲ့။ ကျွန်ပညာ ဒုတိယသင်ယူသူများမှာ ၁၉၂၀ ပထမအကြိမ် တက္ကသိုလ်သပိတ်ကိုဦးဆောင်ခဲ့သော ကိုဖိုးကျား၊ ကိုဘဦး၊ ကိုမြ(နောင်သခင်မြ) စသူတို့ဖြစ်သည်။ ကိုဖိုးကျားတို့ခေတ်မှာ ကျွန်ပညာရေးကို တော်လှန်ခဲ့သည်။ တက္ကသိုလ်အဆင့်မြင့်ပညာကို အောင်မြင်အောင် မစွမ်းဆောင်နိုင်သော်လည်း အခြေခံပညာတွင် အောင်မြင်ခဲ့သည်။အမျိုးသားကောလိပ်သည် ၃နှစ်(၁၉၂၁မှ ၁၉၂၃ထိ)သာကြာခဲ့သော်လည်း ဆရာကြီးမစ္စတာမောင်မှိုင်း (နောင်သခင်ကိုယ်တော်မှိုင်း)တို့ သင်ပြမှုကြောင့် မြန်မာစာပေကို အလေးထားခဲ့ကြရသည်။ ဆိုချင်သည်က ပညာရေး ပြုပြင်တော်လှန်မှုအစ၊ ၁၉၂၀ပထမကျောင်းသားသပိတ်က ဖြစ်ပြီး ဦးဆောင်သူများက ဦးဖိုးကျားတို့ဖြစ်သည်။ အင်္ဂလိပ်အစိုးရကျောင်းက မက္ကောလေး၏ ကျွန်ပညာသင်ရိုးညွန်းတမ်းရေးဆွဲ၍ သင်ရိုးများပြုစုသင်ခဲ့သည်ကို အမျိုးသားကျောင်းများ သခင်သင်ရိုးညွန်းတမ်းရေးဆွဲ၍ နိုင်ငံလူမျိုး ချစ်စိတ်ရှိစေပြီးအသိအတတ် ရစေသောသင်ရိုးများကို ပြုစု၍ သင်ရိုးညွှန်းတမ်းရည်ရွယ်ချက်ကို ပေါက်မြောက်အောင် ဖော်ထုတ်နိုင်သည်။ ထင်ရှားသက်သေက အမျိုးသားကျောင်းသားများကို အခြေခံသည့် ခေတ်သစ်တပ်မတော်မွေးထုတ်နိုင်ခြင်း၊ ပညာရှင်ဘက်တွင်ဆရာဇော်ဂျီ၊ မင်းသုဝဏ်တို့ကို မွေးဖွားပေးနိုင်ခြင်းသည် ဂုဏ်ယူဖွယ်ရာ သက်သေဖြစ်သည်။

ဒုတိယပညာရေး ပြုပြင်မှုကို လွတ်လပ်ရေးမရခင် ၁၉၄၆ ကတည်းက ပညာမင်းကြီး ဦးချို၊ မိတ္ထီလာဦးဘရင်၊ ဒေါက်တာမောင်ဖြူးစသူတို့က မူလတန်းဆင့်တွင် အင်္ဂလိပ်စာ မသင်သင့်ကြောင်း စစ်တမ်းကောက်၍ လွတ်လပ်ရေးရသောအခါ သင်ရိုးပြုစုရေးခေါင်းဆောင် ဆရာကြီးဇော်ဂျီနှင့် အဖွဲ့ဝင်ဆရာကြီးမင်းသုဝဏ်၊ ဦးဘတို့ဦးဆောင်ပြုပြင်ရာ တော်လှန်ရေးကောင်စီ အစိုးရခေတ်ထိဖြစ်သည်။ တတိယပညာရေးပြုပြင်မှုမှာ တော်လှန်ရေးကောင်စီခေတ်တွင် ဖြစ်သည်။ တက္ကသိုလ်တွင် သင်ကြားမဏ္ဍိုင် မြန်မာစာဖြစ်ရေးကို ၄.၄.၁၉၅၈ ကစရာ တော်လှန်ရေးကောင်စီခေတ်၌ ဘာသာပြန်ရန်ကျန်ရှိပညာရပ်များကို ပြောင်းလဲသည်။၎င်းကို STNက ဦးနေဝင်းညွှန်ကြားချက်ဖြင့် တော်လှန်ကောင်စီလက်ထက်တွင် တက္ကသိုလ်၌ မြန်မာစာသင်ကြားမှု မဏ္ဍိုင်ဖြစ်ရပြီး ထိုခေတ်ပညာရှင်များကလည်း ဦနေဝင်းအကြိုက်လိုက်ခဲ့သည်ဟု လက်လွတ်စပယ်ဆိုလိုက်ရာ ဆရာကြီးဇော်ဂျီအပါအဝင် နိုင်ငံလူမျိုးကို တကယ်ချစ်မြတ်နိုး၍ 'မူလယ်ထက်'အတွက် ကောင်းမွန်သော သင်ရိုးတို့ကို ဆွဲခဲ့သော၊ B.A,B.Sc ၌ ဘာသာပြန်ပြနိုင်ခဲ့သော သိပ္ပံဝိဇ္ဇာပညာရှင်များကို စော်ကားလိုက်ခြင်းဖြစ်ပါသည်။ တော်လှန်ကောင်စီခေတ် သင်ရိုးပြုပြင်ဦးဆောင်သူများမှာ ၁၉၄၈မှ ၁၉၆၄ ထိ ဖဆပလခေတ်မှ ဦးဆောင်ခဲ့သောဆရာကြီးဇော်ဂျီတို့ အဖွဲ့ပင်ဖြစ်သည်။ တော်လှန်ရေးကောင်စီခေတ် ၁၉၆၅မှ ၁၉၈၃ထိ ဆရာဇော်ဂျီတို့ ဦးဆောင်ရေးဆွဲခဲ့သော ဝိဇ္ဇာသိပ္ပံသင်ရိုးသည် ဖဆပလခေတ် သင်ရိုးထက်လည်းကောင်း၊ မဆလခေတ်၁၉၈၄မှ ၂၀၁၅ထိ ဦးသန်းဦး ဦးဆောင်သင်ရိုးထက်လည်းကောင်း၊ NLD နှင့် နစက ခေတ် ဦးသန်းဦး=ဒေါက်တာသန်းဦးဆောင် KG+12 သင်ရိုးထက်လည်းကောင်း ပို၍ သာလွန်ကောင်းမွန်သည်။ အညံ့ဆုံးသင်ရိုးမှာ NLD ခေတ်နှင့် နစကခေတ် ဒေါက်တာသန်းဦး ဦးဆောင်ရေးဆွဲ သင်ရိုးအညံ့ဆုံးဖြစ်ပြီး ပြည်တွင်းဒေါက်တာများ ပြည်ပပညာရှင်များအားကိုး၍ အနာဂတ်လူငယ်များကို အသိရောအတတ်ပါ မရအောင် ရေးဆွဲထားသင်ရိုးများ ဖြစ်သည်။  

တော်လှန်ရေးကောင်စီခေတ်တွင် တက္ကသိုလ်ဝင်ခွင့်စနစ်ကို ယခင်တက္ကသိုလ် ၂ နှစ်တက်ပြီးမှ ဝါသနာပါရာရွေးရသည်ကို အမှတ်စနစ်ကျင့်သုံးခြင်း၊ ထူးချွန်ကျောင်းသားရွေးချယ်သည်ကို ယခင် စကောလာ့ရှစ်ကျင့်သုံးသည်ကို လူရည်ချွန်စနစ်ပြောင်းခြင်းတို့သည် ပညာရေးနိမ့်ကျစေသော အချက်များထဲက တခုဖြစ်သည်။ အင်္ဂလိပ်စာကို မူဆင့်မှာမသင်ခဲ့၍ တက္ကသိုလ်မှာ အင်္ဂလိပ်စာသင်ကြားမှုမဏ္ဍိုင်မဟုတ်၍ ပညာရေးနိမ့်ဆင်းရခြင်း မဟုတ်ပေ။

STN သည် ပညာရေးသမိုင်းမှန်ကို ဖုံးကွယ်၍ ကိုလိုနီခေတ်က ဆရာကြီးဦးဖိုးကျားတို့ကိုရော လွတ်လပ်ပြီးခေတ် ဆရာကြီးဇော်ဂျီတို့ကိုပါ စော်ကားခြင်းဖြစ်သည်။ STN သိပါလျက် ဖုံးကွယ်မှုသည် လူ့ကျင့်ဝတ်ဖောက်ဖျက်မှုဖြစ်သလို စာရေးဆရာဖြည့်ဆည်းရမည့် သိက္ခာလည်း ချိုးဖောက်ခြင်းဖြစ်သည်။ လူ့ကျင့်ဝတ် သီလ=ကိုယ်နှုတ်နှလုံးကောင်းခြင်းတရား၊ နိစ္စသီလ မှ လိမ်ညာစကားမပြောကြားခြင်း ကောင်းမှုတို့ကို STN ချိုးဖောက်ကြောင်း သူ့စာကဖော်ပြနေပါသည်။ အပိုဒ် ၁၁ ကိုကြည့်ပါဦး။

                                                                

ဆက်ရန်                                                         

ကိုဌေး(နတ်မောက်)

09 256 328 400.       

စာပြီး ၁၉.၆.၂၀၂၄(9:00 a.m)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)