အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယနှင့် ကျောင်းအကျိုးဆောင်အဖွဲ့ ၈ ဦးတို့က ဆရာဦးအောင်မြိုင် - မစိုးရိမ်စာသင်သားအား ကမာရွတ်မြို့နယ်တရားရုံးတွင် ထပ်မံတရားစွဲဆို၊ လှည်းကူးရဲတပ်ဖွဲ့က ဖုန်း၂လုံး သိမ်းဆည်းထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယနှင့် ကျောင်းအကျိုးဆောင်အဖွဲ့ ၈ ဦးတို့က ဆရာဦးအောင်မြိုင် - မစိုးရိမ်စာသင်သားအား ကမာရွတ်မြို့နယ်တရားရုံးတွင် ထပ်မံတရားစွဲဆို၊ လှည်းကူးရဲတပ်ဖွဲ့က ဖုန်း၂လုံး သိမ်းဆည်းထား





ရန်ကုန်၊ ဇူလိုင် ၂၃

ဓမ္မ နှင့် အဓမ္မ ဆိုင်ရာ စောဒနာများ တင်ပြသူ ဆရာဦးအောင်မြိုင် - မစိုးရိမ်စာသင်သားအား အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယနှင့် ကျောင်းအကျိုးဆောင်အဖွဲ့ ၈ ဦးတို့က ကမာရွတ်မြို့နယ်တရားရုံးတွင် ထပ်မံတရားစွဲဆိုမှု ပြုလုပ်ထားကြောင်း သိရသည်။

တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ဆရာဦးအောင်မြိုင်အား ဆက်သွယ်မေးမြန်းရာ "အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယနဲ့ အကျိုးတော်ဆောင် ဆိုသူများက ဗုဒ္ဓဂုဏ်ရည် ဦးအဂ္ဂဓမ္မကိုလည်း တရားစွဲဆိုထားတာတွေ ရှိတယ်။ ကျွန်တော်ကို စွဲဆိုထားတာတွေနဲ့ ပတ်သက်လို့ ပြောရရင် ဇူလိုင်လ ၂ ရက်နေ့ က လှည်းကူးမြို့မရစခန်းမှာ အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယနဲ့ ကျောင်းအကျိုးဆောင်အဖွဲ့ ၈ ဦးတို့က ဦးအောင်မြိုင်နဲ့ ဦးအောင်အောင်ဇော်တို့အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ အရ အရေးယူပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့တယ်။ လှည်းကူးရဲစခန်းမှာ အမှုဖွင့်ခဲ့တာနဲ့ ပတ်သက်လို့ အရင်ပြောလိုက်ပါမယ်။ အရိယာမဏ္ဍိုင်တောရရိပ်သာကျောင်းတိုက် အကျိုးဆောင်အဖွဲ့ဝင် ဦးထူးအောင်လွင် အသက် ၃၆ နှစ် ရွှေပြည်သာက တိုင်းတန်းသူအဖြစ် လက်မှတ်ထိုးကာ လှည်းကူးမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။  စခန်းမှူးက အမှုဖွင့်စာကို ဇူလိုင် ၂ ရက်နေ့မှာ လက်ခံ ပြီး ဒုရဲအုပ်၂ ယောက်နဲ့ အဖွဲ့က  ဇူလိုင်လ ၃ ရက်နေ့မှာပဲ ဦးအောင်မြိုင် ဦးအောင်အောင်ဇော်တို့ကို နေအိမ်များအထိ လာ‌ရောက်ဖမ်းဆီးခဲ့ပါတယ်။ လာရောက်ဖမ်းဆိးသူ ဒုရဲအုပ် ၂ ဦး ဦးဆောင်တဲ့ ဖမ်းဆီးရေးအဖွဲ့သားများပေါ့ဗျာ။ သူတို့လုပ်ရပ်တွေဟာ ဥ‌ပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ကျင့်ဝတ်တွေနဲ့ ညီ မညီ အတိအကျ မသပါသော်လည်း မညီတာတွေ ပါရှိတယ်လို့ ပြောသံဆိုသံတွေ ကြားသိထားပါတယ်။ ဖုန်းနံပါတ်ရှိပေမယ့် တိုင်တန်းချက်ရှိကြောင်း ကြို တင်အကြောင်းမှု မရှိခြင်း မရှိဘူး။ အိမ်အောက်ကနေ ဖုန်းဆက်ချိန်မှာ အမှု ကိစ္စအတွက်ပါလို့ တိုင်တန်းချက် ရှိလို့ပါလို့ မ‌ပြောပြဘဲ စာအုပ် ဝယ်ချင်လို့ပါလို့ ပြောပြီး လိမ်ခေါ်တယ်။ လှည်းကူးမြို့မရဲစခန်းကပါလို့ မပြောဘဲ ကမာရွတ်မြို့နယ်ကပါလို့ ပြောတယ်။ ပြစ်မှု ကျူးလွန်တယ်ဆိုရင် ပြစ်မှုကျူးလွန်ရာနေရာမှာ ကမာရွတ်မြို့နယ်အတွင်း ဖြစ်နေခြင်းကြောင့် ကမာရွတ်မြို့မရဲစခန်းမှာ စစ်ဆေးရန် ဦးအောင်မြိုင်က အသိပေးပြောကြားပါရဲ့သားနဲ့ လှည်းကူးမြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘာအပြစ်မှ‌ ပေါ်ပေါက်ခြင်း မရှိသေးပါဘဲ ဦးအောင်မြိုင့်လက်ကိုင်ဖုန်းကို ဖုန်း ပြပါအုံးလို့ ‌ပြောဆိုကာ ပြခိုင်းပြီး ပြန်မပေးဘဲ သိမ်းဆည်းထားတယ်။ လှည်းကူးမြို့မရဲစခန်းကို ရောက်ရှိချိန်မှာ တရားခံ ပုံစံဖြည့် စသည် ပြောဆိုကာ ကိုယ်ရေးဖြစ်စဉ်များ မေးမြန်းပါတယ်။ တိုင်ကြားချက်များအတွက် စစ်ဆေးရာမှာ တိုင်ကြားချက် အစအဆုံး ဖတ်မပြဘဲ သူတို့အ‌ကြောင်းတွေ ဖေ့စ်ဘုတ်ပေါ်တင်လို့ တိုင်ထားကြောင်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ အရ အရေးယူရန် ရဲစခန်းက လက်ခံသတ်မှတ်ထားကြောင်း ပြောပြပြီး စစ်ဆေးပါတယ်။ သက်သေခံစာရွက်တွေထဲမှ ဦးအောင်မြိုင့်အကောင့်က တင်ထားတာတချို့ကို စာရွက်လှန် လက်ထောက် ပြကာ မေးမြန်းတယ်။ ဦးအောင်မြိုင်က ဟုတ်ပါတယ် တင်ပါတယ်လို့ ဝန်ခံထွက်ဆိုခဲ့တယ်။ မသုတဝတီ အကောင့်က တင်ထားတာတချို့ကို စာရွက်လှန် လက်ထောက် ပြကာ မေးမြန်းပါတယ်။ ဦးအောင်မြိုင်က မဟုတ်ပါ လူချင်းမသိပါလို့ မသိပါကြောင်း ထွက်ဆိုခဲ့တယ်။ ဦးအောင်မြိုင်က မင်းတို့မေးတာတွေ ဖြေပြီးပြီ ငါ့ဖုန်း ပြန်ပေးတော့လို့ တောင်းရာ ပြန်မပေးဘဲ သိမ်း ဆည်းထားပါတယ်။ ယခု အာမခံနဲ့ အမှု ရှိနေတုန်းပဲ ဖြစ်ပါတယ်။ သိမ်းဆည်းထားတဲ့ ဖုန်း၂ လုံး ပြန်မရသေးပါဘူး။ အဓမ္မဝါဒ ဖော်ထုတ်တားဆီးဖယ်ရှားရေးလုပ်ငန်း ပြုလုပ်ရာမှာ  ပြုလုပ်သူ့အပေါ်  တန်ပြန်ထိုးနှက်ချက်တွေ ပြင်းထန် လာတဲ့ အခြေအနေ ရောက်လာပါတယ်။" ဟု ပြောသည်။

ထိုသို့ ဆရာဦးအောင်မြိုင် အား လှည်းကူးရဲစခန်းမှ ဖမ်းခေါ်သွားသည်ကို သိရှိပြီး ဆရာတော်ဦးပါမောက္ခ၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ဦးသုစိတ္တ၊ ဦးပညာဝံသ ဦးဆောင်သော သံဃာတော်များက လိုက်ပါသွားခဲ့ရာမှ အာမခံဖြင့် ပြန်လွတ်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ မပြီးပြတ်သေးသည့် အခြေအနေတွင် ယခုအခါ ကမာရွတ်မြို့နယ်တွင် ဇူလိုင်လ ၁၆ ရက်နေ့ က ထပ်မံအမှုဖွင့် တိုင်းကြားထားသည့် အခြေအနေနှင့် ပတ်သက်၍ ဆရာဦးအောင်မြိုင်က "ကမာရွတ်မြို့နယ်တရားရုံးမှာ အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယနဲ့ ကျောင်းအကျိုးဆောင်အဖွဲ့ ၈ ဦးတို့က ဦးအောင်မြိုင်အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ အရ အရေးယူပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။  ကမာရွတ်မြို့နယ်တရားရုံးက အလျင်အမြန် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့မှာ ရဲစခန်းသို့ စစ်ဆေးပေးရန် အမိန့်ချခဲ့ပါတယ်။ ရဲစခန်းက ဦးအောင်မြိုင်ကို ဇူလိုင်လ ၁၉ ရက်နေ့ မှာ ဖုန်းဆက်ဆင့်ခေါ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီ ၃၅ မိနစ်အထိ စစ်ဆေးခဲ့ပါတယ်။ ကျွန်တော်ကို အရေးယူပေးပါရန် အမှု ၂ ကြိမ် ဖွင့်ထားတယ်။ အမှန်က လှည်းကူးရဲစခန်းက အမှုကို တရားဝင်ရုပ် သိမ်းပြီးမှ သို့မဟုတ် သက်

ဆိုင်ရာက တရားဝင် ပယ်ဖျက်ပြီးမှ ကမာရွတ်မြို့နယ်တရားရုံးမှာ ထပ်ပြီး အမှုဖွင့်ခွင့် ရှိတယ်။ အခုတော့ ၂ မှုစလုံး ဆောင်ရွက်ဆဲ ဖြစ်နေခြင်းကြောင့် မှားယွင်းနေပါတယ်။ ပြစ်မှုတစ်ခုအတွက် ပြစ်ဒဏ် ၂ကြိမ် ကျရောက်စေရန် မတော်မတရား လုပ်ဆောင်ချက် ဖြစ်နေပါတယ်။" ဟု ပြောသည်။

ထိုသို့ တရားစွဲဆိုနေမှုများနှင့် ပတ်သက်၍ တုန့်ပြန်ဆောင်ရွက်ထားရှိမှုများအား မေးမြန်းရာ ဆရာဦးအောင်မြိုင် က "ဒီလိုလုပ်ရပ်တွေနှင့် ပတ်သက်လို့ ဇူလိုင်လ ၃ ရက်မှ ဇူလိုင်လ ၂၁ ရက်အထိ တန်ပြန်ဆောင်ရွက်မှု မပြုခဲ့ပါဘူး။ မည်သည့်ဌာနကိုမျှ တန်ပြန်ချက်အဖြစ် တိုင်ကြားခြင်းမပြုလုပ်ခဲ့ပါဘူး။ ဇူလိုင်လ ၂၂ ရက်နေ့မှာတော့ နေပြည်တော်ရှိ ရုံးဌာန ၉ ခုထံသို့လည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံသို့လည်းကောင်း တင်ပြတိုင်ကြားစာများ ပို့ခဲ့ပါတယ်။ တိုင်ကြားစာမှာ လုပ်ရပ်များအတိုင်း ဖြစ်စဉ်များကို ရေးသားဖော်ပြထားပြီး အပြစ်ကျူးလွန်သူများအား အရေးယူပေးပါဟူ၍ တင်ပြတောင်းဆိုထားပါတယ်။ ဦးအောင်မြိုင်က ပြစ်မှူကျူးလွန်သူ အမှန်ဖြစ်နေရင် ဦးအောင်မြိုင်လည်း ပြစ်ဒဏ် ခံရစေ။ အမှုဖွင့်သူ တွေက ပြစ်မှူကျူးလွန်သူ အမှန်ဖြစ်နေရင် အမှုဖွင့်သူတွေလည်း ပြစ်ဒဏ် ခံရစေ။ သက်ဆိုင်ရာ တာဝန်ရှိသူ ရဲဝန်ထမ်း စသည်တွေက ပြစ်မှူကျူးလွန်သူ အမှန်ဖြစ်နေရင် သက်ဆိုင်ရာ တာဝန်ရှိသူ ရဲဝန်ထမ်း စသည်တွေလည်း ပြစ်ဒဏ် ခံရစေ။ သည်လောက်ပဲ တင်ပြတောင်းဆိုထားပါတယ်။" ဟု ပြောသည်။

အဓမ္မဝါဒဖော်ထုတ်ခြင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ မေးမြန်းရာ ဆရာဦးအောင်မြိုင်က "ဘုရားဟောတရားမဟုတ်သည်တို့ကို ဟော‌ပြောပြီး ဘုရားဟောတရားတွေ ဖြစ်ကြောင်း လိမ်လည်‌ဟော‌ ပြောမှုကြီးကို ဗုဒ္ဓဘာသာဝင်တွေအတွက် ဖော်ထုတ် တင်ပြပေးခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အလိမ်အလှည့် မခံရစေရန် အရဲစွန့် တင်ပြ‌ပေးခဲ့သူ ဖြစ်ပါတယ်။ လုပ်မယ့်သူ မရှိလို့ ဗုဒ္ဓဘာသာဝင်တွေအတွက် လုပ်ပေးဖို့ လိုအပ်လို့ အဓမ္မဝါဒ ဖော်ထုတ်တားဆီးဖယ် ရှား‌ရေးလုပ်ငန်းကို လုပ်ပေးလာခဲ့တာ ရဟန်းဘဝနဲ့ နေစဉ်ကတည်းကပါ။ ကြာခဲ့ပါပြီ။ အတွေ့အကြုံတွေ များခဲ့ပါပြီ။ ၂၀၁၂ ခုနှစ်မှာ လူဝတ်လာခဲ့ပြီး ရပ်တန့်ပစ်ဖို့ ရည်ရွယ် ခဲ့ပါတယ်။ တိုက်တွန်းသူတွေများနေတာ‌ကြောင့်ရယ် အခြား သူတစ်ဦးတစ်ယောက်မျှ လုပ်မယ့်သူ မရှိတော့ မနေ သာတာကြောင့်ရယ် မိမိ စေတနာကြောင့်ရယ် ကြိုကြား ကြိုကြား လုပ်ပေးဖြစ်ခဲ့ပါတယ်။ အရပ်ဘက်တရားရုံးတွေ၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေအနေနဲ့က ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းဟာ အရပ်စကားနဲ့ ပြောမယ်ဆိုရင် ဓမ္မလမ်းကြောင်း အတိုင်းဆောင်ရွက်ခြင်းပေါ့ဗျာ။ တရားလိုက ဒီကိစ္စတစ်ခုကို ဒီမှာတိုင်တော့လည်း လက်ခံတယ်။ ဟိုမှာတိုင်တော့လည်း လက်ခံတယ်။ ဒီကိစ္စအတွက် ဆရာတော်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ကလည်း ထွက်လာတော့မှာပါ။ ကျွန်တော်တို့ ဖုန်းတွေ သိမ်းဆည်းထားတယ်။ စစ်ဆေးပြီးရင် ပြန်ပေးရမယ်။ ကျုပ်တို့ လုပ်နေတဲ့အလုပ်က ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေ လုပ်နေတာ မဟုတ်ဘူး။ ဘုရားဟော တရားတွေအပေါ်မှာ မိမိလိုရာစွဲပြီး ဘုရားဟောတရားတွေ ဖြစ်ကြောင်း လိမ်လည်‌ဟော‌ပြောတာမျိုးတွေကို ဖော်ထုတ်တဲ့ အလုပ်ပါ။ ဒါကိုတော့ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်" ဟု ပြောသည်။

ဆရာဦးအောင်မြိုင်ပါဝင်သော အဓမ္မဝါဒဖော်ထုတ်တားဆီးရေးအဖွဲ့သည် မိုးပြာဂိုဏ်းကို ဖော်ထုတ်တိုင်ကြားမှု ပြုလုပ်ခြင်းအပါအဝင် ဘုရားဟောမဟုတ်သည်တို့ကို ဟောပြောပြီး ဘုရားဟောသဖွယ် ဟောပြော၊ ရေးသားထုတ်ဝေမှုများကို ဖော်ထုတ်တင်ပြ တိုင်ကြားမှုများ လုပ်ဆောင်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ အဆုံးအဖြတ်ကို ခံယူခဲ့ကြသည်။ တချို့သောအမှုကိစ္စများတွင် တရားစွဲဆိုခံရပြီး ဖြေရှင်းဆောင်ရွက်ခဲ့ရသည်များလည်း ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)