အလုပ်သမားများ ပြည်ပနိုင်ငံများတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာဖြစ်ပွား၍ အကူအညီတောင်းခံလာပါက အချက်အလက်များကိုစစ်ဆေး၍ ထိရောက်စွာကူညီဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုပ်သမားများ ပြည်ပနိုင်ငံများတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာဖြစ်ပွား၍ အကူအညီတောင်းခံလာပါက အချက်အလက်များကိုစစ်ဆေး၍ ထိရောက်စွာကူညီဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီး မှာကြား


နေပြည်တော်၊ ဇူလိုင် ၈

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ ဧကာဒသမအကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ MELIA Yangon Hotel ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းနှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)မှ အသင်းဝင် အေဂျင်စီများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားစာရင်းများ ရရှိနိုင်ရေး၊ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များကို စနစ်တကျပေးဆောင်စေ၍ နိုင်ငံတော်အတွက်  ဝင်ငွေများရရှိစေရေး၊ ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်လမ်းကြောင်းများမှတစ်ဆင့် ပြန်လည်လွှဲပို့စေရေးအတွက် တာဝန်ခံစေလွှတ်သော အေဂျင်စီများက ပြည်ပရှိ အလုပ်သမားများရှိရာသို့ သွားရောက်စည်းရုံးပြီး တရားဝင်လမ်းကြောင်းမှ ပို့ဆောင်စေရေးဆောင်ရွက်ကြရန်လိုကြောင်း၊ အလုပ်သမားများ ပြည်ပနိုင်ငံများတွင် အခက်အခဲပြဿနာတစ်စုံတစ်ရာဖြစ်ပွား၍ အကူအညီတောင်းခံလာပါက အချက်အလက်များကို စစ်ဆေး၍ ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံအလိုက်အလုပ်သမားထွက်ခွာမှုစာရင်းများမှတစ်ဆင့် လိုအပ်သည့်မူဝါဒများ ရေးဆွဲချမှတ်နိုင်ရေး၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို စနစ်တကျ မှတ်ပုံတင်ထားရှိနိုင်ရေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသဖြင့် ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် လိုက်ပါဆောင်ရွက်လျက်ရှိသည့် MOEAA နှင့် အေဂျင်စီများအနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း။

ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ၏ အကျိုး၊ အေဂျင်စီများ၏ အကျိုးကိုရှေးရှု၍ လုပ်ငန်းများခွင့်ပြုဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ အေဂျင်စီများအနေဖြင့် အလုပ်သမားများကို ပြည်ပနိုင်ငံများသို့ စေလွှတ်ရာတွင် သတ်မှတ်ဝန်ဆောင်ခများထက် ပိုမိုကောက်ခံခြင်းမပြုရန်၊ ကျင့်ဝတ်နှင့်လျော်ညီသည့် အေဂျင်စီများဖြစ်စေရေး လိုက်နာဆောင်ရွက်ပေးကြရန်၊ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဌာနမှသတ်မှတ်ထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်ပါဆောင်ရွက်ကြရန်၊ အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ စေလွှတ်ရာတွင် စနစ်တကျ မှန်မှန်ကန်ကန်စေလွှတ်ရန်၊ မိမိတို့စေလွှတ်ထားသည့် အလုပ်သမားများအား ကူညီစောင့်ရှောက်ပေးကြရန်နှင့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံတွင် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ လိုက်ပါဆောင်ရွက်၍ ကူညီဖြေရှင်းပေးရန်၊ သက်ဆိုင်ရာနိုင်ငံ၏ အလုပ်သမားဥပဒေပါ အခွင့်အရေးများ၊ အကျိုးခံစားခွင့်များ ရရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း(MOEAA) ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသည့် စေလွှတ်နိုင်ငံအလိုက် အေဂျင်စီများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)