ပန်းတောင်း၊ ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကျောင်းသား/သူ များရေဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရန် မြို့နယ်အတွင်းမြေနိမ့်ပိုင်းရှိ မြစ်ရေဝင်ရောက်လျက်ရှိသည့် အခြေခံပညာကျောင်း (၁၉)ကျောင်းအား ယမန်နေ့ နံနက်မှစတင်၍ ယာယီပိတ်ထားရကြောင်းသိရသည်။
အဆိုပါ မြစ်ရေတက်ရောက်မှုကြောင့် ပန်းတောင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၆၀) ကျောင်းရှိသည့်အနက် အခြေခံပညာအထက်တန်းကျောင်း (၁) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၃) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၂)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၀) ကျောင်းနှင့် အခြေခံပညာမူလတန်းခွဲကျောင်း (၁) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၁၉) ကျောင်းကို ယာယီပိတ်ထားရပြီး အဆိုပါကျောင်းများတွင် တက်ရောက် စာသင်ကြားနေသည့် ဆရာ၊ ဆရာမ (၂၀၇) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၈၆၄) ဦး ရှိကြောင်း သိရသည်။
၎င်းကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မြစ်ရေများ ပြန်လည်ကျဆင်းချိန်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ကာ သင်ခန်းစာများ နောက်မကျစေရေးအတွက် စာသင်ချိန်များ အစားထိုးပြန်လည် သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လပြည့်လင်း
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment