နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ သာရဏီယ သြဝါဒကထာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ သာရဏီယ သြဝါဒကထာ


ဆရာတော် အရှင်မြတ်တို့ဘုရား

ဘုရားတပည့်တော်တို့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်လာခဲ့ကြသည်မှာ ပထမသက်တမ်း (၅) နှစ်၊ ဒုတိယသက်တမ်း (၅) နှစ်၊ တတိယသက်တမ်း (၅) နှစ်၊ စတုတ္ထသက်တမ်း (၆) နှစ်၊ ပဉ္စမသက်တမ်း (၆) နှစ်၊ ဆဋ္ဌမသက်တမ်း (၆) နှစ်၊ သတ္တမသက်တမ်း (၆) နှစ်ရှိခဲ့ပြီး ယခု အဋ္ဌမသက်တမ်းသည်လည်း (၆) နှစ် ပြည့်ကာနီးဖြစ်၍ ရှေ့လာမည့်နှစ်တွင် သက်တမ်းအသစ်များဆီသို့ ချင်းနင်းဝင်ရောက်တော့မည်ဖြစ်ပါသည်ဘုရား။ ယင်းသို့နှစ်ပေါင်းများစွာ ဆောင်ရွက်လာခဲ့ကြသည့် တပည့်တော်တို့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့် အဖွဲ့အစည်းကြီး ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို မျက်ခြည်မပြတ်ရန် လိုအပ်ပါသည်ဘုရား။

သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အခန်း (၂)၊ အပိုဒ်-၁၂ တွင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းမှု၏ ရည်ရွယ်ချက်များကို အပိုဒ်ခွဲ (က) မှ အပိုဒ်ခွဲ (ဆ) အထိ (၇) ချက် ပြဋ္ဌာန်းထားပါသည်ဘုရား။ ထို (၇) ချက်တို့တွင် အရေးကြီးသောအချက်များကို ထုတ်နုတ် လျှောက်ထားလိုပါသည်ဘုရား။

အပိုဒ်ခွဲ(က)တွင် “သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရန်ဖြစ်သည်” ဟု ပြဋ္ဌာန်းခဲ့ရာ (က-၁) သာသနာတော်သန့်ရှင်းရန်၊ (က-၂) သာသနာတော်တည်တံ့ရန်၊ (က-၃) သာသနာတော်ပြန့်ပွားရန်ဟု လိုရင်းပြဋ္ဌာန်းချက် (၃) ရပ်အားဖြင့် ခွဲခြားနိုင်ပါသည်ဘုရား။ (က-၁) ဖြစ်သည့် သာသနာတော်သန့်ရှင်းရန်အတွက် မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးကို သန့်ရှင်းအောင် ဆောင်ရွက်တော်မူခဲ့ကြသည့် အရှင်မဟာကဿပ၊ အရှင်မဟာယသ၊ အရှင်မဟာမောဂ္ဂလိပုတ္တ တိဿအစရှိသော သံဃာ့ပိတာမထေရ်ကြီးအဆက်ဆက်တို့ကဲ့သို့လည်းကောင်း၊ အဇာတသတ်မင်း၊ ကာလာသောကမင်း၊ သိရီဓမ္မာသောကမင်းစသော သာသနာ့ဒါယကာမင်းကောင်းမင်းမြတ်တို့ ကဲ့သို့လည်းကောင်း သာသနာ့အကျိုးဆောင်ရွက်ကြရမည်ဖြစ်ပါသည်ဘုရား။

မျက်မှောက်ခေတ် သာသနာတော်တွင် သာသနာတော်မြတ်ကြီး ဂုဏ်သိက္ခာနိမ့်ကျ ညှိုးနွမ်းဆုတ်ယုတ်သွားစေရန် သာသနာတော်မြတ်ကြီး ကွယ်ပျောက်ပျက်စီးသွားစေရန် ကျင့်ကြံလုပ်ဆောင်သူများ၊ ဟောပြောရေးသားနေကြသူများကို တွေ့မြင်ကြားသိနေရပါသည် ဘုရား။ ယင်းသို့ သာသနပစ္စတ္ထိက သာသနာ့ရန်စွယ်အန္တရာယ်တို့ကို တားဆီးပိတ်ပင်နိုင်ရေး လျစ်လျူရှုတော်မမူကြဘဲ သာသနာတော်သန့်ရှင်းရန်ဟူသော (က-၁) ရည်ရွယ်ချက်ကို မျက်ခြည်မပြတ် ထက်သန်သော သာသနာပြုစိတ်ဓာတ်ဖြင့် အမြဲမပြတ် သတိပြုဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်ဘုရား။

(က-၂) သာသနာတော်တည်တံ့ရန်ဟူသော ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် “သာသနဋ္ဌိတိယာ ပန ပရိယတ္တိယေဝ ပမာဏံ” ဟူသော ပါထိကဝဂ္ဂအဋ္ဌကထာဆရာ၏ (နှာ-၈၂) အဆိုအမိန့်နှင့်အညီ တပည့်တော်တို့ မြန်မာနိုင်ငံတော်၌ သာသနာတော်သုံးရပ်တွင် အရင်းခံအခြေအမြစ်ဖြစ်သည့် ပရိယတ္တိသင်ကြားပို့ချနေသော စာသင်တိုက်ကြီးများနှင့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးများ ထီးထီးမားမား အားထားလောက်အောင် တည်ရှိနေသည်ကို အရှင်ဘုရားများအသိပင် ဖြစ်ပါသည်ဘုရား။ ထို့အပြင် ယခုနှစ် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် အာဂုံစာရင်းသွင်း(၂၈၃)ပါး၊ ဖြေဆို (၁၇၆)ပါး၊ အောင်မြင် (၉၆) ပါးဖြစ်၍ ၅၄.၅၅% (ရာခိုင်နှုန်း) ရှိခဲ့ပြီး ရေးဖြေစာမေးပွဲတွင် စာရင်းသွင်း (၂၂၁) ပါး၊ ဖြေဆို (၂၀၄) ပါး၊ အောင်မြင် (၁၆) ပါးဖြစ်၍ (၇.၈၄%) (ရာခိုင်နှုန်း) အောင်မြင်ခဲ့သည့်အပြင် (၁၆) ပါးမြောက် အဘိဓမ္မကောဝိဒဘွဲ့နှင့် တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်တစ်ပါး ပေါ်ထွန်းခဲ့သည်ကိုလည်း သာသနာတော်အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်ခဲ့ပါသည်ဘုရား။ အစိုးရဓမ္မာစရိယစာမေးပွဲတွင်လည်း စာရင်းသွင်း နှစ်သောင်း နှစ်ထောင်ခြောက်ရာ့နှစ်ပါး (၂၂၆၀၂)၊ ဖြေဆို တစ်သောင်းရှစ်ထောင် ရှစ်ရာခြောက်ဆယ့်ခြောက်ပါး (၁၈၈၆၆) ရှိခဲ့ပြီး အောင်မြင် လေးထောင့်ကိုးရာခြောက်ဆယ့်ခြောက်ပါး (၄၉၆၆) ရှိ၍ (၂၆.၃၂%) (ရာခိုင်နှုန်း)၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာရင်းသွင်း ခြောက်သောင်းကိုးဆယ့်ခြောက်ပါး (၆၀၀၉၆)၊ ဖြေဆို လေးသောင်းရှစ်ထောင်ကိုးရာတစ်ဆယ်ပါး (၄၈၉၁၀)၊ အောင်မြင် နှစ်သောင်း တစ်ထောင်ရှစ်ဆယ့်ငါးပါး(၂၁၀၈၅) ဖြစ်၍ (၄၃%) (ရာခိုင်နှုန်း) ဖြစ်ရာ သာသနာတော်ကြီး တည်တံ့ရန်ဟူသော ရည်ရွယ်ချက်အတွက် အားတက်ဝမ်းမြောက်ဖွယ်ရာဖြစ်ရပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။ ဤသည့်သာသနာကို အရှိန်အဟုန်မပျက် ဆက်လက်ပို့ချ သင်ယူဆောင်ရွက်သွားရန် ဆတက်ထမ်းပိုးတိုး၍ ဆောင်ရွက်သွားကြရန်သာ ဖြစ်ပါသည်ဘုရား။

(က-၃) သာသနာတော်ပြန့်ပွားရန်ဟူသော ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနကို (၉-၅-၁၉၉၁)ရက်နေ့ကပင် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်စေခဲ့သည်မှာ နှစ်ပေါင်း (၃၀) ကျော်ရှိခဲ့ပြီဖြစ်ပါသည်ဘုရား။ ထိုဌာနကြီးမှ သာသနာပြုရဟန်းတော်သင်တန်း၊ လူပုဂ္ဂိုလ် သင်တန်းများဖွင့်လှစ်၍လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်ကြီးများမှ သာသနတက္ကသီလမဟာဓမ္မာစရိယဘွဲ့ခံ၊ သာသနတက္ကသီလဓမ္မာစရိယဘွဲ့ခံ သံဃာတော်များကို နယ်စပ်နှင့် တောင်တန်းသာသနာပြုစေလွှတ်၍လည်းကောင်း၊ ကျောင်းထိုင် ဘုန်းကြီးသင်တန်းများ ကို ဖွင့်လှစ်၍လည်းကောင်း “သာသနာတော်ပြန့်ပွားရန်” အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်ဘုရား။

အပိုဒ်ခွဲ (ခ) ၌ “သံဃာတော်များ ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံသီတင်းသုံးနေထိုင်ရေးအတွက် သံဃာအချင်းချင်း ကြီးကြပ်ထိန်းသိမ်းသွားနိုင်ရန်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားပါသည်ဘုရား။ ယခုအခြေအနေတွင် အချို့သော ရဟန်းသာမဏေတို့သည် သမဏသာရုပ္ပမဖြစ်သည့်ကိစ္စများကို မြေပြင်၌လည်းကောင်း၊ လူမှုကွန်ရက် စာမျက်နှာများတွင်လည်းကောင်း ဆောင်ရွက်နေကြခြင်း၊ မိမိတို့ စိတ်ကူးမိရာ မဟုတ်မမှန် လုပ်ကြံတီထွင်ထားသော အဓမ္မဝါဒများကို ဟောပြောနေကြခြင်း၊ လူပုဂ္ဂိုလ်တို့ကလည်း သင်္ကန်းပရိက္ခရာများ ဝတ်ဆင်ကာ သိက္ခာမတင် သိမ်မဝင်ဘဲ ရှင်ရဟန်းအသွင်ယူကြလျက် အလှူခံတောင်းရမ်းစားသောက်နေကြခြင်းစသည်တို့ကို တွေ့ရှိနေရ ပါသည်ဘုရား။ ထိုသို့သောကိစ္စများကို သံဃာအချင်းချင်း ကြီးကြပ်ထိန်းသိမ်းနိုင်ရေးအတွက် တပည့်တော်တို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့်လည်း ညွှန်ကြားချက်များ အချိန်အားလျော်စွာ ထုတ်ပြန်ခြင်း၊ နိုင်ငံတစ်ဝန်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့ကလည်း ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် ဝိသောဓနီအဖွဲ့များ ဖွဲ့စည်း၍ ထိန်းသိမ်းကြပ်မတ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်ဘုရား။ ထိုသို့ဆောင်ရွက်ရာတွင် ဓမ္မစက် အာဏာစက် ညီညီမျှမျှဖြင့် ပရူပဝါဒ ဘေးကင်းဝေးစေမည့် ဆောင်ရွက်ချက်များဖြစ်စေရန် သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်အနေဖြင့် ထိန်းသိမ်းကွပ်ကဲ ပြုပြင်ပေးရမည် ဖြစ်ပါသည်ဘုရား။

အပိုဒ်ခွဲ (ဂ)၌ “ပရိယတ္တိသာသနာတော်ကို တိုးတက်စည်ပင် ပြန့်ပွားစေရန်နှင့် ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားပါသည်ဘုရား။ ဤရည်ရွယ်ချက်များကို အကောင် အထည်ဖော်ရန်အတွက် အပိုဒ်ခွဲ (က-၂) နှင့် အပိုဒ်ခွဲ (ခ) တို့တွင် အကျုံးဝင်သွားပါသည်ဘုရား။ သို့သော်လည်း ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန်မှာ အစဉ်အဆက်လိုအပ်လျက်ပင် ရှိနေသေးသည်ကို ဆရာတော်များ အသိပင်ဖြစ်ပါသည်ဘုရား။ သံဃာ့အဖွဲ့အစည်း ပထမ (၅) နှစ်သက်တမ်းအတွင်းနှင့် ဒုတိယ (၅) နှစ်သက်တမ်းအစတို့တွင် အဓမ္မဝါဒီတို့ကို ထိထိရောက်ရောက်နှိမ်နင်းခဲ့သည်ကို တွေ့ရှိရပါသည်ဘုရား။ သို့သော်လည်း ထိုကိစ္စရပ်များကို ရဲဝံ့စွာ ပြုလုပ်နေကြသော အဓမ္မဝါဒီများ မကြာမကြာပေါ်ပေါက်လျက်ရှိရာ မျက်ခြည်မပြတ် စောင့်ကြည့်နှိမ်နင်းနိုင်ရေး လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်ဘုရား။

အပိုဒ်ခွဲ (ဃ) ၌ “ပရိယတ္တိနှင့်လျော်ညီသော ပဋိပတ္တိသာသနာတော်ကို တိုးတက်စည်ပင်ပြန့်ပွားစေရန်ဖြစ်သည်”ဟု ပြဋ္ဌာန်းထားရာ တပည့်တော်တို့ မြန်မာနိုင်ငံတော်ဝယ် ပရိယတ္တိနှင့်လျော်ညီစွာ ပဋိပတ္တိကျင့်စဉ်များကို ကျင့်ကြံကြိုးကုတ်အားထုတ်နေကြသော၊ ဟောကြားပြသနေကြသော ဆရာတော်များ၊ ကမ္မဋ္ဌာန်းရိပ်သာများရှိနေသည်ကို တွေ့မြင်နေရပါသည်ဘုရား။ အပိုဒ်ခွဲ (ဂ) ပါအတိုင်း အဓမ္မဝါဒဟောပြောကျင့်ကြံကြသည်များကို မျက်ခြည်မပြတ် စောင့်ကြပ်ထိန်းကွပ်ပေးရန်သာ လိုအပ်ပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။

အထက်အပိုဒ် (က) မှ (ဃ) အထိ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်နိုင်လျှင် အပိုဒ်ခွဲ (င) နှင့် (စ) ရည်ရွယ်ချက်များလည်း ပြီးပြည့်စုံပြီး ဖြစ်ပါသည်ဘုရား။ အပိုဒ်ခွဲ (ဆ) ၌ “သာသနာတော်အကျိုး ကို သယ်ပိုးဆောင်ရွက်ရာ၌ သံဃာဂိုဏ်းများသည် ကြီးသည်ငယ်သည် မဟူ စည်းလုံးညီညွတ်မှုကို ရှေးရှု၍ ဆောင်ရွက်ကြရန်ဖြစ်သည်” ဟု ပြဋ္ဌာန်းထားရာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့ တိုင်းအလိုက်၊ ဂိုဏ်းအလိုက် သံဃာညီညွတ်ရေးသည်လည်း လွန်စွာအရေးကြီး ပါသည်ဘုရား။ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၌ တိုင်းအလိုက်/ဂိုဏ်းအလိုက် သံဃာတော်များအချင်းချင်း စည်းလုံးညီညွတ်နေမှသာ တပည့်တော်တို့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ “သံဃာ့ကိစ္စ သံဃာဆောင်ရွက်” ဟူသော မူနှင့်အညီ သာသနာတော်အရေးကိစ္စ မှန်သမျှကို ချောမွေ့အောင်မြင်အောင် ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါ သည်ဘုရား။ သို့ဖြစ်၍ တိုင်းစွဲ၊ ဂိုဏ်းစွဲစိတ်ထားများကို ဖြေလျှော့ပယ်ဖျောက်၍ တိုင်းတစ်ပါး၊ ဂိုဏ်းတစ်ပါး၏အလိုကို အခြားသော တိုင်းများ၊ ဂိုဏ်းများက ဓမ္မဝိနယလုပ်ထုံးလုပ်နည်းများနှင့်အညီ လေးစားဂရုထား၍ လိုက်လျောဆောင်ရွက်ပေးခြင်းဖြင့် သံဃာစည်းလုံးညီညွတ်မှုကို အထူးအလေးဂရုပြု ဆောင်ရွက်တော်မူကြပါရန် လျှောက်ထားအပ်ပါသည်ဘုရား။


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်အရှင်မြတ်တို့ဘုရား

နိဂုံးချုပ်အနေဖြင့် လျှောက်ထားလိုသည်မှာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း (၂) အပိုဒ် (၁၃) ၌ “သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဆောင်ရွက်ချက်ကို ဖော်ပြပါအခြေခံမူများ၊ ရည်ရွယ် ချက်များနှင့် ကိုက်ညီစေရန် ဆောင်ရွက်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထား ပါသည်ဘုရား။ သို့ဖြစ်၍ အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများတွင် တိုက်ရိုက်ပြဋ္ဌာန်းထားသော အပိုဒ်များမရှိစေကာမူ ဤအပိုဒ် (၁၃)အရ ဓမ္မဝိနယနှင့် ညီညွတ်ပါက အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ခွင့်ရှိသည်ဟု မှတ်ယူထိုက်ပါသည်ဘုရား။ ထို့ကြောင့် သံဃာ့အဖွဲ့အစည်း ဖွဲ့စည်းမှု၏ ရည်ရွယ်ချက်များကို ရှေးရှေး ဒီဃဒဿီ၊ အာစရိယဆရာတော်ကြီးများ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြသည့်နည်းတူ တပည့်တော်တို့ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အနေဖြင့်လည်း ရည်ရွယ်ချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး သတိသမ္ပဇဉ်တရား လက်ကိုင်ထား၍ မမှားမယွင်း အောင် ဆောင်ရွက်တော်မူကြပါဟု တိုက်တွန်းလျက် သာရဏီယ သြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်ပါသည် ဆရာတော် အရှင်မြတ်တို့ဘုရား။ ။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)