စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းများဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းများဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ကျင်းပ


နေပြည်တော်၊ ဇူလိုင် ၆

ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ လူသား များနှင့် သဘာဝတရားအကြား သဟဇာတဖြစ်စေသော ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု တို့ကို ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ရေခဲမြစ်များ ထိန်းသိမ်းခြင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေခြင်းနှင့် ရိုးရာဆေးဖက်ဝင်အပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဟန်ချက် ညီစေရန် ရည်ရွယ်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ၄-၇-၂၀၂၄ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Nyingchi မြို့၊ Lulang International Pearl Hotel ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၊ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ဝန်ကြီးများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများနှင့် ကျောင်းသား ကျောင်းသူများ၊ သုတေသီများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကော်မတီအတွင်းရေးမှူး Mr. Wang Junzheng၊ နှင့် the 14th National Committee of the Chinese People’s Political Consultative Conference ၏ Vice-Chairperson Ms. Qin Boyong ၊ သီရိလင်္ကာ၊ နီပေါ၊ အာဖဂန်နစ္စတန်၊ ကိုရီးယား၊ ချီလီ၊ ဘိုလီးဗီးယားနိုင်ငံများမှ ဝန်ကြီးများ၊ ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မတီမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် စတုတ္ထအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရှီကျန်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကော်မတီ အတွင်းရေးမှူး Mr. Wang Junzhengနှင့် Vice -Chairperson Ms. Qin Boyong တို့က ဂေဟစနစ်ထိန်းသိမ်းခြင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရေး၊ ရှီကျန်းဒေသရှိ တောင်တန်းများ၊ သစ်ပင်သစ်တောများ၊ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ရေခဲမြစ်များ ထိန်းသိမ်းကာကွယ်ရေး၊ ကုန်းမြင့်အားကစားလှုပ်ရှားမှုများနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးစေရေး၊ ကာဗွန် ထုတ်လွှတ်မှုနည်းပါးသည့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု မျှခြေဖြစ်စေရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားများ ပြောကြားကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတရှိစွာနေထိုင်မှုသည် လူသားများနှင့် သဘာဝအကြား အပြန်အလှန် အမှီသဟဲပြုပြီး ကောင်းမွန်သော သက်ရှိဘဝကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊ ဂေဟစနစ်တည်ငြိမ်စေရေး၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံ၏ ဦးစားပေးလုပ်ငန်းများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ၄၇ ရာခိုင်နှုန်းသည် ဟိမဝန္တာတောင်တန်းဒေသတွင်ပါဝင်နေပြီး ကမ္ဘာ့ဇီဝ မျိုးစုံမျိုးကွဲ အချက်အချာ နေရာများဖြစ်သော အင်ဒို-မြန်မာ၊ တရုတ်အနောက်တောင်တောင်တန်းများနှင့် ဟိမဝန္တာဒေသများ၏ ဂေဟဗေဒကွန်ရက်အတွင်း တည်ရှိပါကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အပါအဝင် သဘာဝထိန်းသိမ်းရေးနယ်မြေ ရှစ်ခု၊ နိုင်ငံ ဧရိယာ၏ ၂ ဒသမ ၅၉ ရာခိုင်နှုန်း ဖွဲ့စည်းထားပြီး၊ တစ်နိုင်ငံလုံးအနေဖြင့် နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၈ ရာခိုင်နှုန်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဒေသမျိုးရင်းဆေးဖက်ဝင်အပင်များအပါအဝင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများကိုလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများ၊ အစိမ်းရောင်စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် သဘာဝအခြေပြုခရီးသွားလုပ်ငန်း များတွင် ခိုင်မာ၍ လက်တွေ့ကျသော မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်သွားရန် အကြံပြု လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြားနှင့် ပိုးလမ်းမနှင့် ရပ်ဝန်းဆိုင်ရာကိစ္စရပ်များတွင် တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံအသီးသီးမှ ဝန်ကြီးများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အမှာစကား များပြောကြားကြပြီး တက်ရောက်လာသူများက သစ်ပင်သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရေခဲမြစ် များ ထိန်းသိမ်းကာကွယ်ခြင်း၊ ကုန်းမြင့်အားကစားလှုပ်ရှားမှုများနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးစေခြင်း၊ ရိုးရာတိုင်းရင်းဆေးနှင့် ဆေးဖက်ဝင်အပင်များ ထိန်းသိမ်းကာကွယ်ခြင်း ခေါင်းစဉ်များဖြင့် ဆက်လက်ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Nyangchi မြို့ သတင်းမီဒီယာများ၏ ဖိုရမ်နှင့် ပတ်သက်သည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။ ထို့နောက် ရှီကျန်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ Standing Committee of the People’s Congress Vice Chairman Mr. Sun Xianzhong နှင့်တွေ့ဆုံပြီး သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးကဏ္ဍများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

(သတင်းများ ပေးပို့ရန် Viber, Telegram - 09692366274)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)