နိုင်ငံတော်အစိုးရမှ အီဂျစ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အစိုးရမှ အီဂျစ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်


ရန်ကုန်၊ ဇူလိုင် ၂၄

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့် အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် သက်ဆိုင်ရာနိုင်ငံမှ သံရုံးများ ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ အီဂျစ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မအေးသီရိမိုးအား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် ကိုင်ရိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် အီဂျစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဌာနတွင် မအေးသီရိမိုး တရားမဝင်နေထိုင်ခဲ့မှုအတွက် သတ်မှတ်ဒဏ်ကြေးများ ပေးဆောင်ခြင်းနှင့် Valid Visa လျှောက်ထားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူ မအေးသီရိမိုးသည် ဇူလိုင် ၂၂ ရက်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှ ဒေသစံတော်ချိန် ည ၇ နာရီ မိနစ် ၅၀ ၌ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့၍ ရန်ကုန်မြို့သို့ ယမန်နေ့ညက ပြန်လည်ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံသူ မအေးသီရိမိုးသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ဒူဘိုင်း မြို့၌ အလုပ်လုပ်ကိုင်ရန် အေးဂျင့်များ ချိတ်ဆက်ပေးမှုဖြင့် ရောက်ရှိခဲ့ပြီး ဒူဘိုင်းမြို့ အခန်းတစ်ခန်းတွင် အလုပ်အကိုင် မရှိဘဲ ရက် ၂၀ ခန့်နေထိုင်ခဲ့ကာ အေးဂျင့်ဖြစ်သူက ဒူဘိုင်းတွင် အလုပ်မရနိုင်ဘဲ အီဂျစ်နိုင်ငံသို့သွားမှသာ အလုပ်အကိုင်ရရှိမည်ဖြစ်ပြီးလုပ်ခလစာအဖြစ် အမေရိကန် ဒေါ်လာ ၃၅၀ ရရှိမည်ဟု ပြောကြားခဲ့ ကြောင်း၊ အကယ်၍ အီဂျစ်သို့ မသွားပါက ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင်ခံရမည် ဖြစ်သောကြောင့် အီဂျစ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ တွင် အီဂျစ်နိုင်ငံသို့ရောက်ရှိခဲ့ပြီး နေအိမ်တစ်အိမ်၌ ခုနစ်လကြာ လုပ်ကိုင်ခဲ့ရကာ လစာအပြည့်အဝ မရခြင်း၊ အလုပ်ချိန် များပြားခြင်းတို့ကြောင့် ပင်ပန်းမှုဒဏ်မခံနိုင်တော့သဖြင့် ၂၀၂၄ ခုနှစ် မေလတတိယပတ်တွင် ယင်းအလုပ်မှ ထွက်ပြေးခဲ့ကြောင်း၊ နိုင်ငံကူးလက်မှတ်ကို အိမ်ရှင်က သိမ်းဆည်းထားပြီး နေထိုင်လုပ်ကိုင်သည့် နေအိမ်လိပ်စာကို မသိသည့်အပြင် ဒူဘိုင်း အေးဂျင့်ကလည်း အဆက်အသွယ် ဖြတ်တောက်ခဲ့သည့် အခက်အခဲများစွာကြောင့် အမိနိုင်ငံသို့ အမြန်ဆုံးပြန်လို၍ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ မြန်မာသံရုံးက အမိနိုင်ငံ သို့ ပြန်လည်ပို့ဆောင်နိုင်ရန် စာရွက်စာတမ်းများရရှိရေးတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့၍ ယမန်နေ့ညက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အခက်အခဲကြုံတွေ့ခဲ့ရမှုနှင့်စပ်လျဉ်း၍ မအေးသီရိမိုးက “ကျွန်မကမိတ္ထီလာမြို့မှာ နေပါတယ်။ အသက်က ၂၄ နှစ်ပါ။ အီဂျစ်မှာ တော်တော် ဒုက္ခရောက်နေချိန် မြန်မာသံရုံးကို သွားခဲ့တယ်။ အစစအရာရာ ကူညီပေးကြတဲ့သံရုံးက သံအမတ်ကြီးနဲ့ ဆရာများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေရာကနေ ကန်တော့ပါတယ်။ နောက်ထပ်လည်း မသွားကြပါနဲ့လို့ ပြောချင်ပါတယ်။ နိုင်ငံတော်က ခွင့်ပြုထားတဲ့ အလုပ်အကိုင်တွေကိုပဲ လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်။ နိုင်ငံတော်က လူကြီးများနဲ့ တာဝန်ရှိသူအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့က ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ထိုနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်နှင့်အဆင် မပြေမှုဖြစ်ပေါ်ပါက မြန်မာပွဲစားများက တာဝန်ယူဖြေရှင်းပေးမှုမရှိသည့်အပြင် ပြည်ပအေဂျင်စီရုံးများနှင့် အလုပ်ရှင်တို့ က နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်းထားခြင်း၊ ပွဲစားများက အေဂျင်စီရုံး အဆင့်ဆင့်ထံ လက်လွှဲအသုံးချခြင်းတို့ကို ကြုံတွေ့ကြရလျက်ရှိပြီး မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က အရှေ့အလယ်ပိုင်းနိုင်ငံများကို နှစ်နိုင်ငံသဘောတူညီချက်အရ တရားဝင် အလုပ်လုပ်ကိုင်ရန် စေလွှတ်မှုမရှိကြောင်း၊ မြန်မာအမျိုးသမီးများအား အဆိုပါနိုင်ငံတွင် အိမ်အကူအလုပ်လုပ်ရန်အတွက် တရားမဝင် အလုပ်လုပ်ကိုင် ရှာဖွေရေးအေဂျင်စီများက လိမ်လည် ပို့ဆောင်လျက်ရှိကြောင်း၊ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်ပါက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း အရေးယူခံရမည့်အပြင် အခြားမမျှော်မှန်းနိုင်သော အန္တရာယ်များ၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေများနှင့် ကြုံတွေ့နိုင်ကြောင်း၊ ရေမြေခြား၊ ယဉ်ကျေးမှုမတူသည့် ပတ်ဝန်းကျင်တွင် မျက်နှာငယ်ရမည့်အပြင် မြန်မာနိုင်ငံသံရုံး မရှိသည့် နေရာများသို့ ရောက်ရှိနေပါက အကူအညီရရှိရန် အခက်အခဲရှိနိုင်ကြောင်းနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်ကြမည့်သူများအနေဖြင့် မိမိသွားမည့်ဒေသ၏ အခြေအနေမှန်အား လေ့လာသိရှိထားရန် လိုအပ်ကြောင်း အကြံပြုအသိပေး ထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးက ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြပြီး ယခုလို အမိနိုင်ငံသားများ အတိဒုက္ခ ကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာသံရုံးတို့ကို လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။


ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ- ကနူး

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)