နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ချင်းတောင်မြို့ရှိ ချင်းတောင် ဟိုင်အလ်အဖွဲ့နှင့် ချင်းတောင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာများသို့ လှည့်လည် ကြည့်ရှုလေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ချင်းတောင်မြို့ရှိ ချင်းတောင် ဟိုင်အလ်အဖွဲ့နှင့် ချင်းတောင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာများသို့ လှည့်လည် ကြည့်ရှုလေ့လာ













နေပြည်တော်၊ ဇူလိုင် ၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချင်းတောင်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ချင်းတောင်မြို့အတွင်းရှိ ချင်းတောင် ဟိုင်အလ်အဖွဲ့ (Qingdao Haier Group)နှင့် ချင်းတောင်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ (Qingdao Hisense Research and Development center) များသို့ လှည့်လည်ကြည့်ရှုလေ့လာကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ချင်းတောင် ဟိုင်အလ်အဖွဲ့ (Qingdao Haier Group)သို့ ရောက်ရှိရာ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာလျိုဒလင် (Mr. Liu Dalin) နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် Haier Group အတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက ဟိုင်အလ်အဖွဲ့ဆိုင်ရာအချက်အလက်များ၊ Haier Group မှ ထုတ်လုပ်သည့် နည်းပညာမြင့် ခေတ်မီအီလက်ထရောနစ်ပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ နည်းပညာမြင့် စက်ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ တန်ဖိုးမြင့်မားသည့် ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းအမှတ်တံဆိပ်များတွင် နံပါတ် ၁ အဖြစ် ၇ နှစ်ဆက်တိုက် ရပ်တည်ခဲ့မှုအခြေအနေနှင့် ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည့် အစီအမံများကို လိုက်လံရှင်းလင်းပြသကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။


ချင်းတောင် ဟိုင်အလ်အဖွဲ့ (Qingdao Haier Group)ကို ၁၉၈၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပိုမိုကောင်းမွန်သည့် လူနေမှုဘဝနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုတို့အတွက် ကမ္ဘာ့ထိပ်တန်းဖြေရှင်းမှုများကို ထောက်ပံ့ပေးလျက်ရှိသည်။ ဟိုင်အလ်အဖွဲ့သည် ခေတ်ဆန်သော လူနေမှုနှင့် စက်မှုလုပ်ငန်းသုံး အင်တာနက်စသည့် အဓိကလမ်းကြောင်းနှစ်ခုကို တည်ထောင်ထားပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ (၁၀)ခု၊ သုတေသနအဖွဲ့အစည်း (၇၁)ဖွဲ့၊ စက်မှုဥယျာဉ် (၃၅)ခု၊ ကုန်ထုတ်လုပ်မှုစင်တာ (၁၄၃)ခုနှင့် ကမ္ဘာတစ်ဝန်းတွင် အရောင်းကွန်ရက်ပေါင်း (၂၃၀၀၀၀)ကို တည်ထောင်ထားရှိကြောင်း သိရသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် Hisense ချင်းတောင်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ (Hisense Qingdao Research and Deveolpment Center) သို့ ရောက်ရှိရာ ဒုတိယမန်နေဂျာ မစ္စချန်ဆိုင်ချာ(Ms. Zhen Cai Xia) နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် စင်တာအတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက Hisense စင်တာ၏ နောက်ခံသမိုင်းအကျဉ်းနှင့် Hisense အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်သည့် နည်းပညာမြင့် ခေတ်မီအီလက်ထရောနစ်ပစ္စည်းများ၊ နည်းပညာများဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်ကုန်အသစ်နှင့် စက်မှုအဆင့်မြှင့်တင်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို လိုက်လံရှင်းလင်းပြသကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။


ချင်းတောင်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာသည် Hisense ၏ ကမ္ဘာလုံးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုရုံးချုပ်ဖြစ်ပြီး ချင်းတောင်မြို့ လာရှန်ခရိုင်တွင် တည်ရှိကာ ကုန်းမြေဧရိယာ ၂၂၇၀၀၀ စတုရန်းမီတာရှိသည်။ ယင်းဧရိယာအတွင်း တီဗီနှင့် ဆက်သွယ်ရေးကို အဓိကထားသည့် အီလက်ထရွန်နစ် သတင်းအချက်လုပ်ငန်း၊ ပို့ဆောင်ရေး၊ ကျန်းမာရေးနှင့် လူနေအိမ်တို့ကို အဓိကထားသည့် စက်မှုနည်းပညာအချက်အလက်လုပ်ငန်း၊ ရေခဲသေတ္တာ၊ လေအေးပေးစက်၊ အဝတ်လျှော်စက်၊ မီးဖိုချောင်နှင့် ရေချိုးခန်းအသုံးအဆောင်များစသည်တို့ကို အဓိကထားသည့် အိမ်သုံးပစ္စည်းလုပ်ငန်းဟူ၍ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဧရိယာ (၃)ခုခွဲခြားပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ သုတေသနပြုရာမှ ရရှိလာသည့် နည်းပညာ၊ နည်းစနစ်များနှင့်အညီ ထုတ်ကုန်ပစ္စည်းများကို သုံးစွဲသူများ၏ လိုလားချက်များနှင့်ကိုက်ညီအောင် အဆင့်မြှင့်တင်ထုတ်လုပ်လာနိုင်မှုကြောင့် ၂၀၂၃ ခုနှစ်တွင် Hisense သည် နှစ်စဉ်ဝင်ငွေယွမ် ၂၀၁ ဒသမ ၇ ဘီလီယံနှင့် စုစုပေါင်းအမြတ် ယွမ် ၁၃ ဒသမ ၇ ဘီလီယံဖြင့် တည်ငြိမ်သောတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ်အမြတ်ဝင်ငွေ ၁၁ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း သိရသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချင်းတောင်မြို့ မြို့တော်ဝန် Mr. Zhao Haozhi က Qingdao Sea View Garden Hotel ၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)