MNDAA နဲ့ TNLA တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြို့ရွာများ၊ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် အထူးအလေးထားပြီး နိုင်ငံတော်အစိုးရအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MNDAA နဲ့ TNLA တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြို့ရွာများ၊ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် အထူးအလေးထားပြီး နိုင်ငံတော်အစိုးရအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား





နေပြည်တော်၊ ဇူလိုင် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ရှင်းလင်းပြောကြားရာတွင် MNDAA နဲ့ TNLA တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြို့ရွာများ၊ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် အထူးအလေးထားပြီး နိုင်ငံတော်အစိုးရအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က "၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ MNDAA ဟာ TNLA ၊ AA အဖွဲ့တို့နဲ့ ပူးပေါင်းပြီး အထူးဒေသ(၂) “ဝ”ဒေသကတစ်ဆင့် နမ့်တစ်ချောင်းကိုဖြတ်ကူးပြီး တရုတ်၊ မြန်မာနယ်စပ်မြို့ ချင်းရွှေဟော်မြို့ကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးလည်း ကျွန်တော့်အနေနဲ့ ယခင်ကလည်း ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ နမ့်ခမ်း၊ သိန္နီ၊ ကွတ်ခိုင်မြို့တွေကို TNLA အဖွဲ့က နှောင့်ယှက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ သိန္နီမြို့၊ ကွမ်းလုံမြို့နဲ့ လောက်ကိုင်မြို့တစ်ဝိုက်ကိုလည်း စတင်တိုက်ခိုက်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ TNLA အဖွဲ့ဟာ မန်တုံဒေသတစ်ဝိုက်ကို တိုက်ခိုက်ခဲ့ပါတယ်။ TNLA ပူးပေါင်းအဖွဲ့ဟာ နမ္မတူဒေသနဲ့ နမ္မတူမြို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ MNDAA ပူးပေါင်းအဖွဲ့ဟာ ဟိုပန်ဒေသနဲ့ဟိုပန်မြို့ကို တိုက်ခိုက်ခဲ့ပါတယ်။၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ TNLA ပူးပေါင်းအဖွဲ့ဟာ နောင်ချိုနဲ့ ကျောက်မဲဒေသတစ်ဝိုက်ရှိ လုံခြုံရေးစခန်းတွေနဲ့ နောင်ချို၊ ကျောက်မဲမြို့တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာ MNDAA ပူးပေါင်းအဖွဲ့ဟာ လားရှိုးမြို့ဝန်းကျင်ကို စတင်တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးတွေ ၊ Drone တွေနဲ့ Drop Bomb ချတိုက်ခိုက်တာတွေကို နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။" ဟု ပြောသည်။

တိုက်ခိုက်မှုများ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် "MNDAA အဖွဲ့အနေနဲ့ ချင်းရွှေဟော်ဒေသတဝိုက်နဲ့ ကိုးကန့်နယ်မြေကို စတင်တိုက်ခိုက်ကာစက ကျားဖြန့်လို့ခေါ်တဲ့ Online လောင်းကစားမှု၊ လိမ်လည်မှုကိုတိုက်ဖျက်ရန်ဆိုတဲ့ ခေါင်းစဉ်နဲ့စတင်ခဲ့တယ်ဆိုတာသိရပါတယ်။ လောက်ကိုင်ဒေသအပါအဝင် နယ်စပ်ဒေသတွေမှာဖြစ်ခဲ့တဲ့ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုတွေဟာ လောက်ကိုင်မှာဆိုရင် ဟိုတယ်တွေ၊ လျှို့ဝှက်နေရာတွေမှာ ပုန်းလျှိုးကွယ်လျှိုးဆောင်ရွက်ကြတာဖြစ်လို့ နိုင်ငံတော်အစိုးရအဖွဲ့အနေနဲ့ သိရှိခဲ့ခြင်းမရှိပါဘူး။ လိမ်လည်မှုများကို တရုတ်နိုင်ငံက တိမ်းရှောင်လာတဲ့ တရုတ်ရာဇဝတ်သားတွေက ပြုလုပ်ခဲ့တာဖြစ်ပြီး လောင်းကစားသူများ၊ လိမ်လည်ခံရသူအများစုဟာလည်း တရုတ်နိုင်ငံသားများသာဖြစ်လို့ မြန်မာနိုင်ငံက အများစုက သိရှိခဲ့ခြင်းမရှိပါဘူး။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီကျားဖြန့်ကိစ္စကို သိရှိတာနဲ့တစ်ပြိုင်တည်း တရုတ်နိုင်ငံနဲ့ တက်ကြွစွာပူးပေါင်းဆောင်ရွက်ပြီး နှိမ်နင်းခဲ့ပါတယ်။ ကိုးကန့်ဒေသမှာသာမက အခြားနယ်စပ်ဒေသများမှာလည်း ဆောင်ရွက်ခဲ့ပါတယ်။ မနေ့ကအထိ မိုင်းပေါက်ဒေသ၊ လောက်ကိုင်ဒေသ၊ တာချီလိတ်ဒေသ၊ မူဆယ်ဒေသ၊ မြဝတီ(ရွှေကုက္ကိုလ်၊ KK Park) တို့ကနေ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသား ၅၁၈၅၁ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၁၄၃ ဦး၊ ထိုင်းနိုင်ငံသား ၆၄၀ ဦး အပါအဝင် ၂၁၅၀ ဦးကို သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ MNDAA ဟာ ကိုးကန့်နယ်မြေ အထူးဒေသ(၁)ရရှိရေးဆိုပြီး လုပ်ဆောင်လာပါတယ်။ အကြမ်းဖက် NUG အဖွဲ့နဲ့တွေ့ဆုံပြီး သူတို့နယ်မြေကိုလိုက်ပြတာတွေ၊ ဆွေးနွေးတာတွေလုပ်လာတဲ့အပြင် ကိုးကန့်ဒေသရဲ့ ပြင်ပကိုပါ ဆက်လက်နယ်မြေချဲ့ထွင် တိုက်ခိုက်လာတာတွေ့ရပါတယ်။ NUG အဖွဲ့ရဲ့ အသံကိုလိုက်ပြီး ပြောကြားနေတာကိုလည်း တွေ့ရပါတယ်။ ကိုးကန့်နယ်မြေထဲက ကလေးငယ်များပါမကျန် လူသစ်စုဆောင်းတာတွေ၊ ကိုးကန့်ဒေသအတွင်းမှာ အလုပ်လုပ်ကိုင်ခဲ့ကြတဲ့ ဗမာအပါအဝင် တိုင်းရင်းသားအလုပ်သမားတွေကို ဖမ်းဆီးပြီး MNDAA ထဲကိုသွင်းပြီး တိုက်ပွဲဝင်ခိုင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စာသင်ကျောင်းတွေကို ပိတ်ပစ်တာတွေ၊ ပညာသင်ကြားမှုပိတ်ပင်တာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ TNLA အဖွဲ့အနေနဲ့လည်း အလားတူလုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီဒေသမှာရှိတဲ့ သူတို့လက်နက်ကိုင်အဖွဲ့အချင်းချင်း နယ်မြေအငြင်းပွားတာတွေလည်း ဖြစ်နေတာတွေ့ရပါတယ်။" ဟု ပြောသည်။

လက်တလော ဖြစ်ပေါ်လျှက်ရှိသည့် အခြေအနေနှင့် ပတ်သက်၍ "အခုလားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့က စ တိုက်ခိုက်လာပြီး နေ့စဉ်အဝေးကနေ ရှော့တိုက်ဒုံး၊ Drone တွေနဲ့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ(၁၈)ဦး သေဆုံးပြီး (၂၄)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့သိမ်းပိုက်ခဲ့တဲ့ နယ်မြေတိုင်းမှာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝပျက်သုဉ်းခဲ့ရပါတယ်။ လားရှိုးမြို့မှာ ထင်ရှားတဲ့ လားရှိုးလေဆိပ်အနီးက တရုတ်ဖရွန်ဘုံကျောင်းကို မနေ့မနက် ၇ နာရီမှာ Drone နဲ့ Drop Bomb ချ တိုက်ခိုက်ခဲ့ပါတယ်။ လားရှိုးမှာနေထိုင်ကြတဲ့ တရုတ်လူမျိုးများအပါအဝင် ဒေသခံပြည်သူလူထုကလည်း ဒီ MNDAA နဲ့ အပေါင်းပါအဖွဲ့တွေကို အလိုမရှိကြောင်း ဆန့်ကျင်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနဲ့ မြို့ခံလူထု၊ ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။" ဟု ပြောသည်။

နိဂုံးချုပ်အနေနဲ့ပြောကြားလိုတာ MNDAA နဲ့ TNLA တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြို့ရွာများ၊ အရပ်သားပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် အထူးအလေးထားပြီး နိုင်ငံတော်အစိုးရအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါကြောင်း ရှင်းလင်းပြောကြားသွားခဲ့ခြင်း ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)