တာမွေ ၊ ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် မိမိတို့ ဝါသနာထုံရာ အားကစားနည်းတစ်ခုခုကို စနစ်တကျကြိုးစားသင်ယူလေ့ကျင့်ခြင်းဖြင့် အချိန်ကိုထိရောက်အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ တာမွေမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဇွဲခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ် ပညာရေးဌာနမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ကျော်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာ့လက်ရွေးစင်ဟောင်းများအသင်းမှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် ရွှေတံဆိပ်ဆုရှင်များဖြစ်သည့် ရဲမှူး ဒေါ်ကြည်ကြည်ဝေနှင့် ဒေါ်နွဲ့နွဲ့အေးတို့က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သီသီခိုင်က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးအသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။
ထို့နောက် တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ မြို့နယ်အားကစားနှင့်ကာယပညာဦစီးဌာနမှ လှူဒါန်းသော အားကစားပစ္စည်းများအား မြို့နယ်အားကစားမှူး ဦးမျိုးလင်းအောင်မှလည်းကောင်း၊ ကျောင်းစာကြည့်တိုက်အတွက် လိုအပ်သော သုတ/ရသစာအုပ်စာစောင်များအား တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ရုံးအဖွဲ့မှူး ဦးဝင်းသိန်းကလည်းကောင်း အသီးသီးပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးသိန်းမြင့်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားသမားများက Fitness Dance အားကစားနည်းဖြင့် သရုပ်ပြသကစားခဲ့ကြပြီး တက်ရောက်လာကြသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခန်းမအတွင်းပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည် .။
-နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment