နေပြည်တော်၊ ဩဂုတ်လ ၁၆
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာ များ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုတို့မှ ဂုဏ်ပြုချီးမြှင့် ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ် ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဝန်ထမ်း မိသားစုများက ငွေကျပ်သုံးဆယ့်ငါးသိန်းကျော်နှင့် ငွေကျပ်တစ်ဆယ့်လေးသိန်းကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက ငွေကျပ်သိန်းနှစ်ရာတန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လည်းကောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့က တိုင်းမှူးထံ အသီးသီးဂုဏ်ပြုပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။
အလားတူ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်း ဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက် ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ယင်းသို့ပေးအပ်လှူဒါန်းရာတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးနှင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြု ချီးမြှင့်ငွေကျပ် သိန်းသုံးရာကိုးဆယ့်ကိုးသိန်းခြောက်သောင်းနှင့် သုံးဆယ့် ခြောက်သိန်း ခုနှစ်သောင်း တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကား ပြောကြားသည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများအား ရှေ့တန်း စစ်မျက်နှာအသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment