ရန်ကုန်၊ ဩဂုတ် ၁၆
ရေနစ်မြုပ်မှုကြောင့် ပြန်လည်စိုက်ပျိုးရန်လိုအပ်သည့် စပါးစိုက်ခင်းများကို အတိုးမဲ့မျိုးစပါးနှင့် ဓာတ်မြေဩဇာဖိုးငွေကူညီပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှု များခဲ့ပြီး မြန်မာနိုင်ငံတွင်ရှိသည့် မိုးစပါးစိုက်ပျိုး ဧရိယာများမှ ဧကကိုးသိန်းကျော်၊ တစ်သန်းနီးပါးလောက် ရေလွှမ်းသောဒဏ်ကိုခံခဲ့ရရာ အချို့နေရာတွင် ပျိုးခင်းများရေမြုပ်သည့်အခါ ပြန်စိုက်ရခြင်းနှင့် ပျက်စီးသွားခြင်းမျိုးများလည်းရှိ၍ အစိုးရဘက်ကလည်း ထိုက်သင့်သည့် ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပြီး ဆန်စပါးအသင်းချုပ်အနေဖြင့်လည်း ထိုက်သင့်သည့် ပံ့ပိုးကူညီမှုများလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
“ရေလွှမ်းတဲ့အနေအထားအပေါ်မှာတော့ စပါးသီးနှံက ရေရဲ့ဒဏ်ကိုတော့ အထိုက်အလျောက်ခံနိုင်တယ်၊ တချို့ရေပြန်ပေါ်သွားတဲ့နေရာ၊ ရေကျသွားတဲ့ နေရာမှာတော့ ဘာမှသိပ်ပြီးတော့ ဆောင်ရွက်ဖို့ မလိုအပ်တဲ့အနေအထားရှိပါတယ်။ ဒါပေမဲ့ တချို့နေရာမှာတော့ ပျိုးခင်းတွေရေမြုပ်တဲ့အခါမှာ ပြန်စိုက်ရတာတို့၊ ပျက်စီးသွားတာတို့ ဒါမျိုးတွေလည်း ရှိပါတယ်။ ဒီအပါ်မှာ အစိုးရဘက်ကနေလည်း ထိုက်သင့်တဲ့ ပံ့ပိုးကူညီမှုတွေလုပ်တယ်။ ကျွန်တော်တို့ အောက်ခြေမှာရှိတဲ့ ဆန်စက်လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေ၊ ဆန်စပါးအသင်းချုပ်အနေနဲ့လည်း ထိုက်သင့်တဲ့ ပံ့ပိုးကူညီမှုတွေလုပ်ဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း ဒါတွေကို စာရင်းနဲ့စနစ်တကျတင်ပြ လာတယ်ဆိုရင် မျိုးကိစ္စတွေ၊ ဓာတ်မြေဩဇာကိစ္စတွေ စီစဉ်ပေးဖို့ လုပ်ထားတာရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြန်စိုက်ဖို့လိုအပ်တဲ့ အနေအထား အပေါ်မှာကြည့်ပြီးတော့ ငွေပြန်ပေးချေမှုကို အကြွေးပေးလိုက်တဲ့သဘောပေါ့၊ အတိုးမဲ့မျိုးနဲ့ မြေဩဇာကို ပေးဖို့စီစဉ်ထားပါတယ်။ တချို့အတော့်ကို ခက်ခဲတဲ့နေရာမှာတော့ လှူလိုက်တဲ့ဟာမျိုးလေးလုပ်ဖို့ရှိပါတယ်။ ဒီအပေါ်မှာတော့ ကျွန်တော်တို့က စနစ်တကျ ပြန်စိစစ်ပြီးတော့ ဆောင်ရွက်နေတဲ့အနေအထား ဖြစ်ပါတယ်။ တင်ပြလာတဲ့ အပေါ်မှာတော့ ဆောင်ရွက် ဖို့ရှိပါတယ်”ဟု ဦးရဲမင်းအောင်က ပြောသည်။
ပြန်လည်စိုက်ပျိုးရန်လိုအပ်သည့် စာရင်းများကို စိစစ်နေပြီး မျိုးစပါးနှင့် ဓာတ်မြေဩဇာကိစ္စ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း၎င်းက ပြောကြားသည်။ ရေမြုပ်သွားသည့် နေရာတိုင်းမှ စပါးခင်းတိုင်းပျက်စီးမသွားဘဲ ပြန်ပေါ်နိုင်သည့် အနေအထားအများကြီးရှိပြီး ရေပြန်ကျသွားပါက လိုအပ်သည့် အားဆေး၊ မြေဩဇာများကျွေးကာ ရောဂါပိုးမွှားမကျပါက ထိခိုက်မှုနည်းပါးကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
MT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment