မုံရွာ၊ သြဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်အတွင်း မိုးစပါးများ ရေကြီးနစ်မြုပ်ထိခိုက် ပျက်စီးမှုအပေါ် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းတပ်နယ်မှူးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဟုမ္မလင်းခရိုင်အတွင်း မိုးစပါးများရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများအား စိုက်ပျိုးချိန်အမီ မိုးစပါးများပြန်လည်စိုက်ပျိုးနိုင်ရေး မျိုးကောင်း၊ မျိုးသန့်များနှင့် သွင်းအားစုများ ပြည့်ဝစွာ ရရှိရေးအား တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့်လည်း လျာထားသီးနှံများအား စိုက်ဧကပြည့်မီအောင်စိုက်ပျိုးရေး၊ သီးထပ်စိုက်ပျိုးရေးနှင့် စိုက်ပျိုးသီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းစိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဟုမ္မလင်းခရိုင်အတွင်းရှိ မြို့နယ်များ၌ မိုးစပါးများ ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးမှု အခြေ အနေများအား ရှင်းလင်းပြောကြာသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက မိုးစပါးများ ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများထံ မျိုးစပါးသွင်းအားစု ဓါတ်မြေသြဇာ၊ ပိုးသက်ဆေးဖျန်းပုံးများနှင့် မျိုးစေ့ချ ကိရိယာများအား ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာအုပ်စု၊ နောင်မခမ်ရွာ၌ ကျင်းပပြုလုပ်သည့် လက်ဆွဲမျိုးစေ့ချ ကိရိယာဖြင့် မိုးစပါး တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းကွင်းသရုပ်ပြသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ဆွဲမျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းကွင်းသရုပ်ပြသနေမှုအား ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment