နေပြည်တော်၊ ဩဂုတ် ၂၂
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြု ချီးမြှင့်ငွေ များနှင့် စားသောက်ဖွယ်ရာ များ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ဩဂုတ်လ ၂၁ ရက် ညနေပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇၂)နှင့် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇၆)ကျောင်းဆင်းအရာရှိများနှင့် မိသားစုများ၊ စေတနာရှင်အလှူရှင်များမှ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း နှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်းတစ်ရာ့ငါးဆယ်နှင့် ငွေကျပ်တစ်ရာတစ်ဆယ့်ငါးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇၂) ကျောင်းဆင်းအရာရှိ များနှင့် မိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်းနှစ်ဆယ်အား လည်းကောင်း ၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇၆) ကျောင်းဆင်းအရာရှိများနှင့် မိသားစုများက ဂုဏ်ပြု ချီးမြှင့်ငွေကျပ်တစ်ဆယ့်ရှစ်သိန်းအားလည်းကောင်း၊ စေတနာရှင် အလှူရှင်များက ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်းခြောက်ဆယ်အား လည်းကောင်း ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင် များက တိုင်းမှူးထံ အသီးသီးဂုဏ်ပြုပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားသည်။
အလားတူ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်း ဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက် ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်းသုံးရာနှင့် ငွေကျပ်နှစ်ရာသုံးဆယ့်ခုနှစ်သိန်းငါးသောင်းကိုးထောင် တန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများကို ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိ သူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကား ပြောကြားသည်။
ထို့အပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်း ဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက် ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံရိပ်သာ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်းသုံးထောင်နှစ်ရာခြောက်ဆယ့်ကိုးသိန်း ကိုးသောင်းရှစ်ထောင်နှင့် စားသောက်ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများအား ရှေ့တန်း စစ်မျက်နှာ အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment