ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ ပုသိမ်တက္ကသိုလ်စာကြည့်တိုက်ကို ကြည့်ရှုလေ့လာပြီး စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ ပုသိမ်တက္ကသိုလ်စာကြည့်တိုက်ကို ကြည့်ရှုလေ့လာပြီး စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း


ပုသိမ်၊ ဩဂုတ် ၂၃

မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယမန်နေ့က ပုသိမ်တက္ကသိုလ်စာကြည့်တိုက်သို့သွားရောက်၍ ကျောင်းသားကျောင်းသူများ၏ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ငှားရမ်းနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။

ရှေးဦးစွာ တက္ကသိုလ်စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ဖတ်ရှုနေကြသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအားတွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတစ်ဝန်း၌ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများဖတ်ရှုလိုသည့် စာအုပ်၊ စာစောင်များကို စာကြည့်တိုက်တွင် စီစဉ်ထားရှိပေးထားရန်လိုပါကြောင်း၊ ထိုသို့ စာအုပ်၊ စာစောင်များ ထားရှိပေးရာတွင် အသိပညာဗဟုသုတတိုးပွားစေရန် သုတစာအုပ်များထားရှိပေးရန်လိုသကဲ့သို့ စိတ်နှလုံးနူးညံ့ပြီး ကိုယ်ချင်းစာနာစိတ်၊ လူအချင်းချင်း ချစ်ခင်ညှာတာစိတ် ဖြစ်ပေါ်စေရန် ရသစာအုပ်များကိုလည်း ထားရှိပေးစေလိုကြောင်း။

ယခုအခါ နိုင်ငံတော်အကြီးအကဲက လူထုသိပ္ပံကျမ်းများကို ပြန်လည်ပုံနှိပ်ထုတ်ဝေစေရုံသာမက စာကြည့်တိုက်များအတွက် လှူဒါန်းပေးလျက်ရှိပါကြောင်း၊ လူငယ်များစာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်ရန် မိမိတို့နှင့်အတူ ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်တက္ကသိုလ်စာကြည့်တိုက်တွင် ကျောင်းသား ကျောင်းသူများ စာပေလေ့လာဖတ်ရှုနိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က လူထုသိပ္ပံကျမ်းများနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထဝီဝင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုပညာဘာသာရပ် မိသားစုများ၏ အာစရိယပူဇော်ပွဲ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ နှုတ်ဆက်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်အားပေးပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအား နှုတ်ဆက်စကားပြောကြားကာ တက္ကသိုလ်အတွက် DTH စလောင်းနှစ်စုံနှင့် DVB-T2 Set Top Box ၁၅ စုံကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထဝီဝင်ဌာနအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပုသိမ်တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ် ဒေါက်တာသန်းထွန်းက ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး သတ္တဗေဒဌာနမှ ဒေါက်တာ နီလာသန်းက စပါးခင်းများတွင် ကျရောက်သောပိုးများကိုလေ့လာခြင်းနှင့် ဖျက်ပိုးများကို ပိုးအချင်းချင်းထိန်းချုပ်သော နည်းလမ်းအသုံးပြု၍ နှိမ်နင်းခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓာတုဗေဒဌာနမှ ဒေါက်တာ အိအိခိုင်က အုန်းဆံအခွံမှစက္ကူပြုလုပ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပထဝီဝင်ဌာနမှ ဒေါက်တာဇင်မေဦးက ပုသိမ်မြို့နယ်၏ စပါးကုန်သွယ်မှုပုံစံအလားအလာကို ဆန်းစစ်လေ့လာခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဏ္ဏဝါသိပ္ပံဌာနမှ ဒေါက်တာခင်မေချစ်မောင်က အဏ္ဏဝါသိပ္ပံဌာန၏ ဒေသအကျိုးပြု သုတေသနခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီးပွားရေးပညာဌာနမှ ကထိက ဒေါ်ခိုင်ဇာဝင်းက ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးမွေးမြူထုတ်လုပ်ခြင်း၏ ဈေးကွက်ဖြန့်ဖြူးမှုကို လေ့လာခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း စသည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် စာတမ်းများ ပြုစုဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်တက္ကသိုလ်တွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသာမက ထုတ်လုပ်ရေးကဏ္ဍနှင့် ဈေးကွက်ကဏ္ဍ သုတေသနလုပ်ငန်းများကိုပါ ဖြည့်စွက်ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍအသီးသီးမှ ချဉ်းကပ်မှုမျိုးစုံနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း စသည့်သုတေသနလုပ်ငန်းများနှင့် ပတ်သက်သည့်အခြေအနေများကို ဖြည့်စွက်ရှင်းလင်းပြောကြားကာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)