အမရပူရ ၊ သြဂုတ် ၁၉
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရှင်သန်ထက်မြက်ရေး၊ အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လိုသည့်စိတ်ဓာတ်နှင့် ပြည်ထောင်စုမပြိုကွဲရေးစိတ်ဓာတ်များ ထက်မြက်မှန်ကန်မြင့်မားစေရေးတို့အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်သည့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး ကျပန်းစကားပြောပြိုင်နှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်၉နာရီက ရတနာပုံတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ စာပေနှင့်အနုပညာအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ ဆရာ၊ ဆရာမများ စီမံရေးရာဌာနများမှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးကြသည်။
ဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားသည်။ ထိုနောက် စာပေနှင့်အနုပညာအသင်းဥက္ကဋ္ဌ၊ အရှေ့တိုင်းပညာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ထွေးရီက ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ကျပန်းစကားပြောပြိုင်ပွဲကိုကျင်းပရာ “မျိုးချစ်လူငယ်နှင့် အနာဂတ်မြန်မာပြည်၊ လူငယ်နှင့်နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အရင်းတည် နိုင်ငံတော်သစ်ဆီ၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့ မျိုးချစ်စိတ်ရှိကြစို့၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်မျိုးချစ်ကိုအရင်းခံ” ခေါင်းစဉ်တို့ဖြင့် ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးက ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ဆုချီမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ပထမဆုရရှိသူ မဇင်ဇင်ထက်(ဥပဒေပညာဘာသာရပ်)၊ ဒုတိယဆုရရှိသူ မောင်အောင်မင်းခန့်(ဇီဝဓာတုဗေဒဘာသာရပ်)၊ တတိယဆုရရှိသူ မရွှေရည်အောင်(ရူပဗေဒဘာသာရပ်)တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုတ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)
https://t.me/MyanmarNationalPost
No comments:
Post a Comment