နေပြည်တော်၊ ဩဂုတ် ၂၂
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀-၈-၂၀၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်၍ ဆေးရုံလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကလေးဆေးရုံကြီး(ရန်ကုန်)သို့ ရောက်ရှိကာ ဆေးကုသဆောင်၊ ကလေးခွဲစိတ်ကုသဆောင်၊ မွေးကင်းစကလေးကုသဆောင်၊ အထူးကြပ်မတ်ကုသဆောင်နှင့် ကလေးအရိုးကုသဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများက ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေကို တင်ပြသည်။
ယင်းနောက် ဌာနရန်ပုံငွေဖြင့် ဝယ်ယူထောက်ပံ့ထားရှိသည့် ဆေးဝါးများရရှိသုံးစွဲမှုအခြေအနေ၊ နိုင်ငံတော်အစီအစဉ်ဖြင့် ရောဂါရှာဖွေရေး၊ ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်ပေးနိုင်မှု၊ လိုအပ်သော ကုသမှုများရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် အထူးကုပြင်ပလူနာဌာန ဖွင့်လှစ်ဆောင်ရွက်နိုင်မှုတို့ကို စစ်ဆေးကာ လူနာများနေရာကျယ်ဝန်းစွာ ကုသမှုခံယူနိုင်ရေးအတွက် ဖျားနာဆောင်တိုးချဲ့ဖွင့်လှစ်ရန်နှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ အားဖြည့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်ရေးအထူးအဖွဲ့(၁)က တာဝန်ယူဆောက်လုပ်ခဲ့သော တိုးချဲ့ခြောက်ထပ်ကုသဆောင်သစ်ကို လှည့်လည်ကြည့်ရှုကာ အမြန်ဆုံးလွှဲပြောင်း/လက်ခံဆောင်ရွက်ရန်နှင့် အတွင်းလူနာထားရှိကုသနိုင်ရေး လိုအပ်သည်များ ပြင်ဆင်ထားရှိရန် မှာကြားသည်။
ညနေပိုင်းတွင် မျက်စိရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်)သို့ရောက်ရှိကာ မြေညီထပ်ရှိ ပြင်ပလူနာဌာန၊ အရေးပေါ်ဌာန၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ရေတိမ်ရောဂါအထူးကုစမ်းသပ်ခန်း၊ မျက်စိရောဂါ အထူးစမ်းသပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆေးကုသမှုခံယူနိုင်မှုအခြေအနေကို လူနာများအား မေးမြန်းကာ ဌာနအစီအစဉ်ဖြင့် ဆေးဝါးများပံ့ပိုးထားရှိမှု၊ ရောဂါရှာဖွေရေးလုပ်ငန်း စီစဉ်ဆောင်ရွက်ပေးနေမှု၊ လူနာများအနေဖြင့် ကျန်းမာရေးကုန်ကျ စရိတ်စိုက်ထုတ်သုံးစွဲရမှု လျှော့ချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို အသိပေးပြောကြားကာ ဌာနအနေဖြင့် ပိုမိုပံ့ပိုးဆောင်ရွက်နိုင်ရေး မှာကြားသည်။
ဆက်လက်၍ ပထမထပ်ရှိ ကလေးမျက်စိရောဂါဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း၊ မြင်လွှာနှင့် မျက်စိအထူးစမ်းသပ်ခန်း၊ မျက်ခွံ၊ မျက်ရည်လမ်းကြောင်း၊ မျက်လုံးအိမ်ပိုင်းဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း၊ မျက်ကြည်လွှာဆိုင်ရာ မျက်စိအထူးစမ်းသပ်ခန်း၊ လေဆာခန်း၊ ဒုတိယထပ်ရှိ အမျိုးသမီးဆောင်၊ သီးသန့်လူနာခန်းများနှင့် တတိယထပ်ရှိ ရန်ကုန်အမျိုးသား မျက်စိဘဏ်တို့အား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ရန်ကုန်အမျိုးသားမျက်စိဘဏ် မျက်ကြည်လွှာလှူဒါန်းမှုပိုမိုရရှိရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ မျက်စိခွဲစိတ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ တို့ကို ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ရန်၊ မျက်တွင်းမှန်ဘီလူးများ ပိုမိုထောက်ပံ့နိုင်ရေးဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး ရန်ကုန်မြို့သို့ရောက်ရှိကာ လူနာဆောင်များ၊ ခွဲစိတ်ခန်း၊ ပြင်ပလူနာဌာနများသို့ လှည့်လည်ကြည့်ရှုပြီး အစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီးအပါအဝင် တာဝန်ကျအထူးကု ဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ ဆေးရုံဥပဓိရုပ် ကောင်းမွန်ရေးနှင့် ဆေးရုံသုံးပစ္စည်းများ သပ်ရပ် တင့်တယ်စေရေး လိုအပ်သောပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်၊ ပြင်ပလူနာကြည့်ရှုကုသမှု ပိုမိုအားဖြည့်ဆောင်ရွက်ရန် မှာကြားပြီး တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment