ဘိုကလေး ၊ ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာအုပ်စု၊ ရေကျော်ကြီး ကျေးရွာရှိ ပင်လယ်ဧကရီ ငါးအမှုန့်၊ တိရစ္ဆာန်အစားအစာ လုပ်ငန်းသည် အလတ်စား စက်မှုလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး ပင်လယ်ပြင်မှဖမ်းယူ၍ ရရှိသော ပင်လယ်ငါးများအနက် စွန့်ပစ်ငါးအဖြစ် ထုတ်ပယ်ထားသော ငါးမျိုးစုံအား အလေအလွင့် မဖြစ်စေပဲ ကုန်ကြမ်းအဖြစ်ဝယ်ယူ၍ တိရစ္ဆာန်အစားအစာအဖြစ် ကြိတ်ခွဲ၍ တင်ပို့ရောင်းချသည့် လုပ်ငန်းဆက်လက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
အဆိုပါပင်လယ်ဧကရီ ငါးအမှုန့်၊ တိရစ္ဆာန်အစားအစာ လုပ်ငန်းသည် လုပ်ငန်းစတင်စဉ်က ကျပ်သန်းပေါင်း(၁၈၈၆.၀၅)သန်း ရင်းနှီးမြုပ်နှံ၍ ဝန်ထမ်းအင်အား (၁၃၀)ဦးဖြင့် ကုန်ကြမ်း စွန့်ပစ်ငါးများအား သင်္ဘောဖြင့် ပင်လယ်အရောက်မောင်းနှင်၍ ပင်လယ်ပြင်ရှိ ငါးဖမ်း သင်္ဘောများထံမှ ဝယ်ယူပြီး လည်ပတ်ဆောင်ရွက်လျက်ရှိသည်။
ကုန်ချော ငါးအမှုန့်၊ တိရစ္ဆာန်အစားအစာ ထုတ်လုပ်နိုင်ရေးအတွက် ဝယ်ယူလာသော ကုန်ကြမ်းစွန့်ပစ်ငါးများအား ပြုတ်အိုးအတွင်းသို့ ထည့်သွင်းပြုတ်၍ အခြောက်ခံခြင်း၊ ဇကာချခြင်း၊ အမှုန့်ကြိတ်ခြင်း၊ အအေးခံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး သေသပ်စွာ ထုတ်ပိုး၍ ဈေးကွက်အတွင်းသို့ (၅၀)ကီလိုဂရမ် အိတ်များဖြင့် ပြည်တွင်းပြည်ပသို့ တင်ပို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းနှင့် ထုတ်လုပ်နိုင်မှုအနေဖြင့် တစ်ရက်လျှင် ကုန်ချောတန် (၅)တန်နှုန်းဖြင့်တစ်လလျှင် တန်(၁၅၀)နှုန်း ထုတ်လုပ်လျက်ရှိကြောင်း လုပ်ငန်း တာဝန်ရှိသူများထံမှ သိရသည်။
မိုးစက်(ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment