မိုင်းယန်း ၊ သြဂုတ် ၂၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ (၂) နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ တွေ့ဆုံပွဲတွင် မိုင်းယန်းခရိုင်ရှိ ခရိုင်၊ မြိုနယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မိုင်းယန်းမြို့ကို ခရိုင်အဆင့်တိုးမြှင့်လိုက်သည်ကို ကြားသိရသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များရှိပါက ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ပွင့်ပွင့်လင်းလင်းတင်ပြပေးကြရန်နှင့် အထက်ဌာနသို့ တင်ပြရန် လုပ်ငန်းကိစ္စရပ်များရှိပါက တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ၊အဖွဲ့ဝင် (၁) ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသီဟက မိုင်းယန်းခရိုင် စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီး ခရိုင်မြို့ မဟာဓာတ်အားလိုင်းရရှိရေးနှင့် အဝီစိရေတွင်းရေရရှိရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဟော်ကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်း ကျောက်စီရေမြောင်းများ ဆောင်ရွက်ပေးရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဟိုကပ်ရပ်ကွက် ရပ်မိရပ်ဖတစ်ဦးမှ အုပ်ချုပ်ရေးမှူး ရုံးမြေနေရာရရှိရေးနှင့်စပ်လျဉ်း၍လည်းကောင်း ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်နှင့် အခက်အခဲများ တင်ပြရာ ရှမ်းပြည်နယ်၊အရှေ့ပိုင်း၊ ပြည်နယ်၊ ပြည်နယ်ခွဲအဆင့် ဌာနဆိုင်ရာဝာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဟိုကပ်ရပ်ကွက် ရပ်မိရပ်ဖတစ်ဦးတို့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မိုင်းယန်းခရိုင်ရုံးအတွက်ထောက်ပံ့ငွေများနှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ရာ မိုင်းယန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနေသည့် ဒေသခံတိုင်းရင်းသားပြည်သူများကို လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားပြီး ဆေးရုံအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် ဆရာမများက လက်ခံရယူကြောင်း သိရသည်။
ထွန်းထွန်းထူး
https://t.me/MyanmarNationalPost
No comments:
Post a Comment