နေပြည်တော်၊ စက်တင်ဘာ ၂
ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ (၇၃) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ရုံးအမှတ်(၄၉) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး စုစည်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိတပ်ဖွဲ့၊ ဦးစီးဌာနများမှ အရာရှိကြီးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဧည့်သည်တော်များနှင့်အတူ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်ခဲ့မှုမှတ်တမ်း Video Clip ကို ကြည့်ရှုအားပေးကာ ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကိုလည်းကောင်း၊ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၄/၂၀၂၃)တွင် အကောင်းဆုံးသင်တန်းသားထူးချွန် ဆုရရှိသူတစ်ဦးနှင့် လုပ်ငန်းထူးချွန်ဆုရရှိသူသုံးဦးတို့အား ဂုဏ်ပြုဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၁၄/ ၂၀၂၃)တွင် ဥပဒေဘာသာရပ်ထူးချွန်ဆုရရှိသူ တစ်ဦးနှင့် လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ တစ်ဦးတို့ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းတွင် တတိယဆုရရှိသူဝန်ထမ်းတစ်ဦးကိုလည်းကောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသူတစ်ဦးကိုလည်းကောင်းဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် တပ်ဖွဲ့၊ ဦးစီးဌာနများမှ အရာရှိကြီးများ၊ ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment