ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး




ပုသိမ် ၊ စက်တင်ဘာ ၃၀


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့၊ ရပ်ကွက်များတွင် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဥ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြို့ရှောင်လမ်း၌ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မဉ္ဇူလမ်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာဆောင်ရွက်သွားရန်၊ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြုလုပ်သည့် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ World Rabies Day အထိမ်းအမှတ် ပညာပေးဟောပြောပွဲနှင့် World School Milk Day အထိမ်းအမှတ် နွားနို့တိုက်ကျွေးခြင်းအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ခွေးရူးရောဂါသည် ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွားပြီး လူအပါအဝင်သွေးနွေးသတ္တဝါအားလုံး၊ အိမ်မွေးတိရစ္ဆာန်နှင့် တောရိုင်းတိရစ္ဆာန်များတွင် ဖြစ်ပွားနိုင်ပါကြောင်းနှင့် ရောဂါပိုးရှိသောခွေး ကိုက်ခံရပါက ၁၀၀% ခွေးရူးရောဂါဖြစ်ပွားနိုင်ကြောင်း၊ ခွေးရူးရောဂါသည် ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိပြီး အာရှနှင့်အာဖရိကနိုင်ငံများ၏ ဖွံ့ဖြိုးမှုနိမ့်ကျသော ကျေးရွာများတွင် ထိခိုက်မှုပိုမိုမြင့်မားသည်ကို သိရှိရပါကြောင်း၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ (၁၅) မိနစ်လျှင် တစ်ယောက်နှုန်း ခွေးရူးရောဂါကြောင့် သေဆုံးလျက်ရှိပြီး ကမ္ဘာတစ်ဝန်းတွင် ခွေးရူးရောဂါကြောင့် နှစ်စဉ်လူ(၅၀၀၀၀-၇၀၀၀၀)ဦး သေဆုံးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ခွေးကောင်ရေ (၁၉) သိန်းကျော်ရှိပြီး နှစ်စဉ်ခွေးကိုက်ခံရသော လူဦးရေ (၁၅ဝဝဝ-၂ဝဝဝဝ) ရှိပြီး ခွေးရူးရောဂါကူးစက်သောလူဦးရေ (၂၀၀)ခန့် ရှိပါကြောင်းနှင့် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသည် အလွန်အရေးပါပြီး လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုနှစ် World Rabies Day နေ့၏ ဆောင်ပုဒ်ဖြစ်သည့် Breaking Rabies Boundaries “အတားအဆီးများကိုကျော်လွန်မှ ခွေးရူးရောဂါကင်းစင်ပ ခြေလှမ်းတိုင်းမှာပါဝင်ကြ” နှင့်အညီ အိမ်မွေးတိရစ္ဆာန်မွေးမြူသူများ၊ ဆက်စပ်ဌာနများ၊ ပြည်သူလူထုများက ခွေးရူးရောဂါကာကွယ်ရေးလုပ်ငန်းများမှာ ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုပါကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားခဲ့သည်။


ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ World Rabies Day အထိမ်းအမှတ် အသိပညာပေးဟောပြောခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများအား World School Milk Day အထိမ်းအမှတ်အနေဖြင့် နွားနို့အာဟာရများတိုက်ကျွေးခဲ့ကြပြီး ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ World Rabies Day အထိမ်းအမှတ် ပြသထားမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)