လွိုင်ကော် ၊ စက်တင်ဘာ ၄
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့်နည်းပြသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ လွိုင်ကော်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်ရန်အတွက် အရေးကြီးသည့် လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ယူနိုင်သည့် ရပ်ကွက်၊ ကျေးရွာများ၌ မထပ်မကျန်ကောက်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၁၁၃)ဦးတက်ရောက်ပြီး လွိုင်ကော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၁၀) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment