လွိုင်ကော် ၊ စက်တင်ဘာ ၂၆
ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “လက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံဖြစ်ပွားမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်၊ ရေဝင်ရောက်မှုကြောင့် မြို့နယ်အတွင်း ဆက်သွယ်သွားလာမှုူမပြတ်တောက်စေရေးနှင့် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးစီစဉ်ဆောင်ရွက်နိုင်ရန်၊ တိကျမှန်ကန်သော စာရင်းဇယားများကို၊ မြို့ပေါ်သာမက ကျေးရွာပါမကျန်ကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုစာရင်းများအား အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ ပြုစုတင်ပြရေး၊ ဖွဲ့စည်းထားသော ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ရာတွင် တက်ကြွစွာဆက်လက်ဆောင်ရွက်ရေး၊ စေတနာရှင်၊ အလှူရှင်အဖွဲ့များက လာရောက်လှူဒါန်းပါက ရေဘေးဒဏ်ခံရသော ပြည်သူများ၏ လက်ဝယ်သို့ မျှတစွာရောက်ရှိရေး ဆောင်ရွက်ပေးရန်၊ ကူညီကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျစီမံဆောင်ရွက်ရန်” စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့ပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment