လွိုင်ကော်မြို့ သမိုင်းဝင်မြို့နာမ်စေတီတော်မြတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဆီမီး (၁၀၀၀၀) ကပ်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လွိုင်ကော်မြို့ သမိုင်းဝင်မြို့နာမ်စေတီတော်မြတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဆီမီး (၁၀၀၀၀) ကပ်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

 



လွိုင်ကော်၊ အောက်တိုဘာ  ၁၈

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ သမိုင်းဝင်မြို့နာမ်စေတီတော်မြတ်၌ သီတင်းကျွတ် လပြည့်(အဘိဓမ္မာအခါတော်နေ့) ဆီမီး (၁၀၀၀၀) ကပ်လှူပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ညက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ  တက်ရောက်ခဲ့ကြသည်။

ဆီမီး (၁၀၀၀၀) ကပ်လှူပူဇော်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့က “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မြို့နာမ်စေတီတော်မြတ် ဂန္ဓကုဋီတိုက်အတွင်းရှိ မြတ်စွာဘုရားရှင်အား ဆီမီးများ ကပ်လှူပူဇော် ခဲ့ကြသည်။

ဆက်လက်၍ မြို့နာမ်တော်စီတော်မြတ် အထက်ပစ္စယံရှိ မြတ်စွာဘုရားရှင်အား ဆီမီးကပ်လှူ ပူဇော်နေစဉ် စေတီတော်ရင်ပြင်တော်ပေါ်၌ သတ်မှတ်နေရာ အသီးသီးရှိ ဧည့်ပရိသတ်အပေါင်းတို့က တစ်ပြိုင်နက်တည်း ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက စေတီတော်မြတ်အား လက်ယာရစ်လှည့်လည်ပူဇော်၍ ရင်ပြင်တော်ပေါ်၌ ဆီမီးများ ကပ်လှူပူဇော်နေမှုတို့ကို ကြည်ညိုသဒ္ဓါပွားများခဲ့ကြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့မှ ကုသိုလ်ပြုကျွေးမွေးလျက်ရှိသည့် စတုဒီသာမဏ္ဍပ်များ၌ ပွဲတော်လာပရိသတ်များအား ဧည့်ခံကျွေးမွေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ၎င်းနောက် မီးပုံးပျံများ လွှတ်တင်သည့်ကွင်းသို့ သွားရောက် ကြည့်ရှု အားပေးပြီး ပွဲတော်သို့လာရောက်ဧည့်ခံဖျော်ဖြေကြသော ရိုးရာယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် လွိုင်ကော်မြို့၌ ဘုရားစေတီပုထိုးများ၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင် ဆီမီးများနှင့် လျှပ်စစ်မီးအလှများ ထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရသည်။

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)