ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၂၆

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ ဒေါက်တာမိုးဇော်ထွန်း၊ ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်း အတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလွတ်ခုန်လေထီးသရုပ်ပြအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) နှင့် မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး (ဗဟို) တို့မှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။

ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်း အနားကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမျိုးသား အားကစားပွဲတော်သည် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်ကျင်းပသည့် အနှစ်သာရ ပြည့်ဝသော ပွဲတော်တစ်ခုဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ စွမ်းရည်နှင့် လူငယ်များ၏ အားမာန်ကို ပြသသည့် အားကစားပွဲတော်ကြီးဖြစ်ပြီး အမျိုးသားစိတ်ဓာတ်များ နိုးကြား လာစေရေး စွမ်းဆောင်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးမှ ပြည်သူများနှင့် နိုင်ငံတကာမှ လာရောက်အားပေးကြည့်ရှုနိုင်စေရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံနှင့် ပြည်သူတို့ အတွက် အရေးပါသည့် အခမ်းအနားဖြစ်သည့်အတွက် အလေးအနက်ထား ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ရန်ကျန်ရှိသည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပါဝင်ဖျော်ဖြေတင်ဆက်မည့် ခေတ် ၆ ခေတ်အကတွင် ဝတ်ဆင်မည့်ခေတ်အလိုက် ဝတ်စုံနမူနာပုံစံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေး၊ ဦးရဲတင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ ဒေါက်တာ အောင်ဇေယျတို့က ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး၊ ပြည်နယ်အလံများနှင့် အမျိုးသား အားကစားပွဲတော်အလံကို Free Fall ဖြင့် ကွင်းအတွင်း သယ်ဆောင်ခြင်း၊ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား တွင် ဖျော်ဖြေတင်ဆက်မည့်အစီအစဉ်၊ နည်းပညာပိုင်းဆိုင်ရာဆောင်ရွက်ထားရှိမှုများ၊ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်ချက်များနှင့် စပ်လျဉ်း၍ အကြံပြုတင်ပြကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ အနုပညာဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် တက်ရောက်လာသူများက ကျောင်းသား ကျောင်းသူများ၏ သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရေး၊ မီးရှူးမီးပန်း အလှဆင် ပစ်ဖောက်ရန် ဆောင်ရွက်ထားရှိမှု၊ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ရေး ဆောင်ရွက်မည့် အစီအစဉ်၊ ဖွင့်ပွဲ၊ ပိတ်ပွဲတွင်ပါဝင်မည့် ဖျော်ဖြေရေးအစီအစဉ်များ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)