ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား


နေပြည်တော်၊ အောက်တိုဘာ ၂၆

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ပ ရှိမြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွား ရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက်တာဝန် ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက်တာဝန်ထမ်းဆောင် ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက ၎င်းတို့သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခု သွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို မိတ်ဆက်တင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် ဝန်ထမ်းတစ်ဦးအတွက် အရေးကြီးဆုံးတာဝန်မှာ နိုင်ငံတော်နှင့် လူမျိုးအပေါ် သစ္စာစောင့်သိရိုသေရန်လိုကြောင်း၊ သံတမန်ဆက်ဆံရေးတွင် “ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ” ဆိုသည့်အတိုင်း ရန်သူကိုမိတ်ဆွေ ဖြစ်အောင် ပြုလုပ်၍ မိမိ၏ပန်းတိုင်သို့ ရောက်ရှိအောင် ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ သံတမန်တစ်ဦးသည် အရည်အသွေး၊ အရည်အချင်းများနှင့် ပြည့်စုံပြီး ဆင်ခြင်တုံတရား ရှိရှိ ဆောင်ရွက်နိုင်မှသာ မိမိကိုယ်မိမိ တန်ဖိုးမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ သံတမန်ဆိုသည်မှာ လူအင်အားအနည်းဆုံးဖြင့် ကြီးမားသည့်တာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်သည့်အတွက် သံတမန် အရည်အသွေးများ တိုးတက်နေအောင်၊ ထက်မြက်နေအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲနေမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေရမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ရာတွင် မိမိနိုင်ငံ၏ အကျိုးဖြစ်ထွန်းအောင်၊ ဆက်ဆံရေး တိုးတက်အောင် ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက် သွားကြရန်လိုကြောင်း၊ သံတမန်တစ်ဦးအနေဖြင့် သံခင်းတမန်ခင်း ကျွမ်းကျင်မှုအပြင် ညှိနှိုင်းဆွေးနွေးမှု၊ နည်းနာကျွမ်းကျင်မှုနှင့် ဘာသာစကားများ ကျွမ်းကျင်မှုရှိ အောင် ကြိုးစားကြရမည်ဖြစ်ပြီး ကမ္ဘာသုံးဘာသာစကား၊ သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံ၏ ဘာသာစကားကိုပါ တတ်မြောက်နိုင်ရေး ကြိုးစားလေ့လာသင်ယူစေလိုကြောင်း၊ အများ၏ စုပေါင်းအားဖြင့် ဆောင်ရွက်ခြင်းသည် လုပ်ငန်းကို ပိုမိုထိရောက်ခရီးရောက်စေသည့်အတွက် ညီညွတ်မှုရှိကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)