(၄၆) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အွန်လိုင်းစနစ်ဖြင့် လက်ခံကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၆) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အွန်လိုင်းစနစ်ဖြင့် လက်ခံကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၂၆

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်သည့် (၄၆) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အွန်လိုင်းစနစ်ဖြင့် ကျင်းပလျက်ရှိရာ ယမန်နေ့က (၂၄) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သည်။

(၂၄)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများက အစည်းအဝေး၏ ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တီမောလက်စ်တေနိုင်ငံ၊ အပေါင်းသုံးနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ လယ်ယာစိုက်ပျိုးရေးသစ်တောဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိများ၊ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် အာဆီယံ အပေါင်းသုံး စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာမဟာဗျူဟာ (၂၀၁၆-၂၀၂၅) အရ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများဖြစ်ကြသော အာဆီယံအပေါင်းသုံး ဆန်အရန်ရိက္ခာ ထားရှိရေးအစီအစဉ်၊ အာဆီယံစားရေရိက္ခာဖူလုံရေး သတင်းစနစ် ဆိုင်ရာလုပ်ငန်းများ၊ ဇီဝစွမ်းအင် ဖွံ့ဖြိုးတိုးတက်စေရေးစီမံချက်များ၊ ရေရှည်တည်တံ့သော သစ်တောကဏ္ဍ စီမံခန့်ခွဲရေး ဆိုင်ရာစီမံကိန်းများ၊ အပင်နှင့် တိရစ္ဆာန်ကျန်းမာရေးထိန်းချုပ်ရေးလုပ်ငန်းများ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးပြည့်မီစေရေးနှင့် ဈေးကွက်ရရှိရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ကြပြီး ၂၀၂၅ ခုနှစ်အလွန်တွင် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများ ရှိ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက်သင့်သည့်လုပ်ငန်းများ နှင့်စပ်လျဉ်း၍ လမ်းညွှန်ချက်များ ချမှတ်ခဲ့ကြသည့်အပြင် အစည်းအဝေး၏ ပူးတွဲကြေညာချက်ကို လည်း အတည်ပြုခဲ့ကြသည်။

၎င်းနောက် ဖိလစ်ပိုင်နိုင်ငံမှ ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် (၂၄) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် In Person ဖြင့် လက်ခံကျင်းပမည်ဖြစ်ပါကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ရိုက်ကူးထားသည့် ဗီဒီယိုပြသ၍ အစည်းအဝေးသို့ အသိပေးကြေညာခဲ့သည်။

မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အိန္ဒိယနိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားရေးရာဝန်ကြီးဌာန ဝန်ကြီး H.E Shri Shivraj Singh Chouhan တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တီမောလက်စ်တေနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ လယ်ယာစိုက်ပျိုးရေး သစ်တောဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူး ချုပ်နှင့် အဆင့်မြင့်အရာရှိများ၊ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကာလလယ်လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံ-အိန္ဒိယ စိုက်ပျိုးရေးနှင့် ဆက်စပ်သိပ္ပံဘာသာရပ်များအတွက် ပညာသင်ဆုပေးအပ် ခြင်းစီမံကိန်း၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ မြေဆီလွှာကျန်းမာရေးကို ကတ်ပြားအသုံးပြု စစ်ဆေးခြင်းဖြင့် ဂေဟစနစ်အား ပြန်လည်ကောင်းမွန်စေသည့် စိုက်ပျိုးရေးစနစ်ဆိုင်ရာ စီမံကိန်း နှင့် ဉာဏ်ရည်တုအသုံးပြုခြင်း၊ အင်တာနက်နှင့် အာရုံခံချစ်ပြားတို့ကို အသုံးပြု၍ ကိန်းကဏန်း အချက်အလက်များ တိုင်းထွာခြင်း၊ ကွန်ပျူတာဉာဏ်ရည်စနစ်ဖြင့် တိကျသည့် စိုက်ပျိုးရေးစနစ် ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးစီမံကိန်းတို့ အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်အပေါ် အတည်ပြုခဲ့ကြသည်။

၎င်းနောက် ၂၀၂၆ ခုနှစ်တွင် ပြုလုပ်မည့် (၉) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို အိန္ဒိယနိုင်ငံမှ လက်ခံကျင်းပမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၏ ကိုယ်စားလှယ်ခေါင်းဆောင်က ကြေညာခဲ့ကြောင်း သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)