ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြား


တိုကျို၊ အောက်တိုဘာ ၂၈

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ရှိဂဲရု အီရှီဘာက အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အာဏာရညွန့်ပေါင်းအဖွဲ့ ရှုံးနိမ့်ခဲ့ခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ရလဒ်ကို ၎င်း၏စိတ်ရင်းမှန်ဖြင့် လက်ခံကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသစံတော်ချိန် အောက်တိုဘာ ၂၈ ရက် နေ့လယ် ၂ နာရီတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဌာနချုပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ရှိဂဲရု အီရှီဘာက သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခြင်း ရှိ၊ မရှိကို တိုက်ရိုက် ပြောကြားခြင်းမရှိခဲ့သော်လည်း ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ဘတ်ဂျက်နှင့် ၂၀၂၅ ဘဏ္ဍာနှစ် ဘတ်ဂျက်တို့ကို ဆက်လက်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက အတိအလင်း ပြောကြားခဲ့သည်။ ဤထုတ်ပြန်ချက်သည် ၎င်းအနေဖြင့် အာဏာဆက်လက်တည်မြဲလိုကြောင်း ဖော်ပြနေသည်ဟု ဂျပန်မီဒီယာတွေက သုံးသပ်ကြသည်။

“နိုင်ငံရေးငွေမည်း” ကိစ္စသည် အာဏာရညွန့်ပေါင်းအဖွဲ့ ယခုအကြိမ် အထွေထွေရွေးကောက်ပွဲတွင် ဆိုးရွားစွာ ရှုံးနိမ့်ရခြင်း၏ အရေးကြီးသော အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ ရှိဂဲရု အီရှီဘာက နက်နက်ရှိုင်းရှိုင်း ပြန်လည်ဆန်းစစ်ပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအတွင်း ပြုပြင်ပြောင်းလဲမှုများကို လက်တွေ့ကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အပြောင်းအလဲများကို ပြည်သူတို့ အမှန်တကယ်ခံစားသိရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ယခုအကြိမ်ရွေးကောက်ပွဲတွင် အမတ်နေရာပိုမိုရရှိခဲ့သော အတိုက်အခံပါတီထံမှလည်း သင်ခန်းစာယူပြီး ၎င်းတို့၏ ကျိုးကြောင်းဆီလျော်သော အဆိုပြုချက်များကို လေ့လာသင်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြည်သူများ အာရုံစိုက်နေသော အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် အခြားအတိုက်ခံပါတီများနှင့် ထပ်မံလက်တွဲအုပ်ချုပ်မည်လားဆိုသည့်မေးခွန်းနှင့် အီရှီဘာက လက်ရှိတွင် အခြားနိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်းနှင့် မူဝါဒအသီးသီး ချမှတ်ခြင်း၊ ဖော်ဆောင်ခြင်းအပေါ် အာရုံစူးစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဂျပန်အောက်လွှတ်တော် ရွေးကောက်ပွဲသည် အောက်တိုဘာ ၂၇ ရက် ညပိုင်းက ပြီးဆုံးခဲ့သည်။ ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ကြောင်း၊ ခိုမေတိုပါတီနှင့် ဖွဲ့စည်းထားသော အာဏာရညွန့်ပေါင်းအဖွဲ့ သည် ၂၀၀၉ ခုနှစ်မှစ၍ အမတ်နေရာရရှိမှုတွင် ပထမဆုံးအကြိမ် ထက်ဝက် မကျော်ခဲ့ခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက် နံနက်အစောပိုင်း၌ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များအရ သိရသည်။ ဂျပန်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အထွေထွေရွေးကောက်ပွဲအပြီး ရက်ပေါင်း ၃၀ အတွင်း အထူးလွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပရမည်ဟု ပြဋ္ဌာန်းထားသည်။

ထိုအချိန်တွင် လက်ရှိ အီရှီဘာအစိုးရအဖွဲ့သည် အစုလိုက်အပြုံလိုက် ရာထူးမှ နုတ်ထွက်မည်ဖြစ်ပြီး အသစ်ရွေးချယ်ခံထားသော အမတ်များ ပါဝင်သည့် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့က လာမည့် ဝန်ကြီးချုပ် အမည်စာရင်းကို တင်သွင်းမည်ဖြစ်သည်။ အကယ်၍ ရှိဂဲရု အီရှီဘာမှ ဆက်လက် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံရပါက ဒုတိယအကြိမ် အီရှီဘာအစိုးရအဖွဲ့ တည်ထောင်မည် ဖြစ်ကာ အကယ်၍ ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်မည်ဆိုပါက ရှိဂဲရု အီရှီဘာသည် ဂျပန်စစ်ပြီးခေတ်နောက်ပိုင်း သက်တမ်းအတိုဆုံး ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။


Ref - (ဆင်ဟွာ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)