တောင်တွင်းကြီး၊ နိုဝင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ကျင်းပပြုလုပ်သည့် သဲဖြူမဟာမြိုင်ဆရာတော်ကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာနှင့် ပန်ထွာဘုရင်မကြီး၏ဗိဿနိုးမြို့ဟောင်းရှိ ဗိဿနိုးမေတ္တာပေါင်းကူးတံတားဖွင့်ပွဲအခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်။
ဦးစွာ သဲဖြူမဟာမြိုင်တောရဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတ၊ အနောက်ပိုင်းလေတပ် ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ်သိန်းထွန်းဦး၊ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ အလှူရှင် ဦးမင်းအေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သဲဖြူမဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတအရှင်သူမြတ်က ဗိဿနိုးမေတ္တာပေါင်းကူးတံတား ကဗ္ပည်းကျောက်စာဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကာ အမွေးနံ့သာရေများ ပတ်ဖြန်းခဲ့သည်။
ဆက်လက်၍ ဗိဿနိုးမေတ္တာပေါင်းကူးတံတားအနီးရှိ ယာယီမဏ္ဍပ်တွင် မကွေးတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်ဆရာတော်၊ တောင်တွင်းကြီးမြို့ ကန်တော်မင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသုစိတ္တဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်အရှင်မြတ်တို့ ရွတ်ပွားချီးမြှင့်တော်မှုသော ပရိတ်တရားတော်များ နာယူကြသည်။
ထို့နောက် သဲဖြူမဟာမြိုင်တောရဆရာတော်ကြီးနှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုများဆက်ကပ်လှူဒါန်းခဲ့ပြီး သဲဖြူမဟာမြိုင်တောရဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံစိရံတိဌတုရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။ တောင်တွင်းကြီးမြို့နယ်နှင့် မြို့သစ်မြို့နယ်တို့ကိုဆက်သွယ်ပေးသည့် ဗိဿနိုးမေတ္တာပေါင်းကူး ကွန်ကရစ်တံတားသည် အလျား ၁၈၀ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၄၀ ပေ ဖြစ်ပြီး သဲဖြူမဟာမြိုင်ဆရာတော်ကြီး၏ တပည့်ဒါယကာ၊ ဒါယိကာမတို့စုပေါင်း၍ လှူဒါန်းခြင်းဖြစ်ပြီး ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကျေးရွာပေါင်း (၁၀)ရွာအတွက် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာပြီး စီးပွားရေး၊ ကျန်းမာရေးများပါ ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment