ယနေ့ခေတ်မှာတော့ ဒီမိုကရေစီလို့ ဆိုလိုက်တာနဲ့ အနောက်တိုင်းနိုင်ငံတွေကို ပြေးမြင်ကြပါလိမ့်မယ်။ အထူးအားဖြင့် ဒီမိုကရေစီအင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ပေါ့။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ့ဆိုရင်ပဲ အမေရိကန် သမ္မတရွေးကောက်ပွဲလာတော့မယ်လေ။ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲ အကြိုကာလ အမေရိကန်မှာ ဘာတွေဖြစ်ခဲ့သလဲ ပြန်လည်ဆန်းစစ်ကြည့်သင့်ပါတယ်။
ထူးခြားဖြစ်စဉ်များထဲက အဆိုးရွားဆုံးအခြေအနေတစ်ခုကတော့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးပွဲမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဖြစ်စဉ်ပါပဲ။ သေနတ်သမားရဲ့ လက်ချက်နဲ့ လူထုစည်းဝေးပွဲကို တက်ရောက်ပါဝင်သူ ၂ဦး သေဆုံးခဲ့ရတယ်။ ဒေါ်နယ်ထရမ့်လည်း အရှောင်အတိမ်း မြန်ပေလို့သာ နားရွက်ကို ထိမှန်သွား ဖြစ်ပါတယ်။ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ လုပ်ကြံမှုဖြစ်ပါတယ်။ ဒီပြယုဂ်ကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးပါလို့ပြောနေတဲ့ အမေရိကန်မှာတောင် ဒီမိုကရေစီယာဉ်ကျေးမှု ပျက်ပြားလာပြီ။ ဒီရွေးကောက်ပွဲမတိုင်မီ စစ်တမ်းများမှာ ရွေးကောက်ပွဲအပြီး ပြည်တွင်းစစ် ဖြစ်လာမှာကိုလည်း အမေရိကန် ပြည်သူများက စိုးရိမ်နေကြရတယ်။ ကြိုတင်မဲပေးထားတဲ့ မဲပုံးတွေ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရတယ်။ မဲပေးတဲ့ လျှို့ဝှက်ကုတ်တွေ ပေါက်ကြားမှု ဖြစ်တယ်။ စစ်တမ်းများအရတော့ ဒေါ်နယ်ထရမ့်ဟာ ပြိုင်ဘက် ဟားရစ်ထက် သာနေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီနဲ့ ပတ်သက်လာရင် အမေရိကန်ကို စံထားပြီး ပြောဆိုခဲ့ကြရာကနေ နိုင်ငံရေးမသမာမှုတွေ များလာမယ်ဆိုရင်တော့ စံပြဒီမိုကရေစီ ကနေ ဟန်ပြ ဒီမိုကရေစီ ဖြစ်လာပါတော့မယ်။
ဒီမိုကရေစီနဲ့ ပတ်သက်လာရင် အနောက်တိုင်း ဂရိ၊ အေသင်၊ စပါတာတို့မှ စတင်ကျင့်သုံးခဲ့ပုံတွေကို ကိုးကားပြောဆိုကြပါတယ်။ မြန်မာလူမျိုးတွေ အသိနည်းတာကတော့ ဗုဒ္ဓလက်ထက်တော်အခါက ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့တဲ့ တိုင်းပြည်တွေအကြောင်း ပါချုပ်ဆရာတော်ကြီးရဲ့ တရားမှာလည်း နာကြားခဲ့ရဖူးပါတယ်။ အထူးထင်ရှားတာကတော့ လိစ္ဆဝီမျိုးနွယ်တွင် အခြေခံအားဖြင့် (၇,၀၇၇) မင်းများဖြင့်ဖြင့် အစိုးရအုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်းရှိပါတယ်။ အလှည့်ကျ တိုင်းပြည်အုပ်ချုပ်ရေးကို ဦးဆောင်ကြရပါတယ်။ ပါချုပ်ဆရာတော်ကြီးရဲ့ ဟောကြားချက်မှာတော့ ဒီပုဂ္ဂိုလ်တွေဟာ ညီညွတ်မှု ပြိုကွဲစေမယ့် လုပ်ရပ်မျိုးကို တစ်ဦးချင်း တစ်ယောက်ချင်းက ထိန်းသိမ်း စောင့်ရှောက်ကြတယ်။ ညီညွတ်မှု ပြိုကွဲစေမယ့် ပြုမူ၊ ပြောဆိုမှုမျိုးကို မလုပ်ကြဘူး။
မြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့ အပရိဟာနိယတရား (၇) ပါးလို့ ဆိုတဲ့
(၁) ညီညွတ်စွာ မပြတ်စည်းဝေးတိုင်ပင်ခြင်း။
(၂) အစည်းအဝေးသို့ တစုတရုံးတည်း အညီအညွတ် တက်ရောက်၍ မင်းတို့ ပြုဘွယ်ကိစ္စကို ညီညွတ်စွာပြုကြပြီးကာ တစုတရုံးတည်း ညီညွတ်စွာ ပြန်ကြခြင်း၊
(၃) ရှေးမင်းကောင်းတို့ ပညတ်ချက် ဥပဒေသများကို အစဉ်လိုက်နာခြင်း၊ မဖျက်ဆီးခြင်း၊ အသစ်ပညတ်ချက်မထုတ်ခြင်း။
(၄) အသက်ကြီးသော မင်းတို့ကို ရိုသေလေးမြတ်စွာ ပူဇော်ခြင်း၊ ၎င်းတို့၏ ဆုံးမချက်ကို နာယူခြင်း။
(၅) အမျိုးသမီးကြီးငယ်တို့ကို နိုင်ထက်ကလူ အတင်းဆွဲယူ၍ အိမ်ထောင်မပြုခြင်း
(၆) မြို့တွင်း မြို့ပြင်ရှိ နတ်ကွန်းစေတီတို့ကို ရိုသေလေးမြတ်စွာ ပူဇော်ခြင်း၊ ရှေးထုံးစံနှင့်အညီ (ဝါ) တရားနှင့်အညီ ဗလိနတ်စာပေးခြင်း။ ။
(၇) တိုင်းပြည်သို့ မရောက်လာကုန်သေးသော ရဟန္တာ အသျှင်မြတ်တို့ကို ကြွလာစေခြင်း၊ ကြွလာပြီးသော ရဟန္တာအသျှင်တို့ကို ချမ်းသာစွာ နေထိုင်စေခြင်း၊ တရားနှင့်အညီ စောင့်ရှောက်ပေးခြင်း။
ဖြင့် တိုင်းပြည်သာယာဝပြောအောင် ဆောင်ရွက်ခဲ့ကြတယ်။
မြတ်ဗုဒ္ဓရဲ့ တရာတော်များမှာ တိုင်းရေးပြည်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအတွက် ကောင်းမွန် မှန်ကန်တဲ့ တရားတော်တွေ အထင်အရှားရှိပါတယ်။ စာရေးသူတို့ရဲ့ တိုင်းပြည်မှာတော့ ဗုဒ္ဓဘာသာဝင် အများစု ရှိတဲ့ တိုင်းပြည် ဖြစ်သော်လည်း ဗုဒ္ဓရဲ့ တရားတော်များကို အလေးထားခြင်း မရှိဘဲ မိမိတို့နဲ့ ယဉ်ကျေးမှုမတူ၊ ဘာသာတရားမတူတဲ့ အနောက်နိုင်ငံတွေကိုပဲ စံထားပြီး တိုင်းဖျက်၊ ပြည်ဖျက်၊ သာသနာဖျက် လုပ်နေကြတာကိုလည်း ပြည်သူများ ရိပ်စားမိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒီမိုကရေစီကို အမှန်တကယ်မြတ်နိုးပါသလား (အပိုင်း - ၂) မှာတော့ ဒီမိုကရေစီ စံနှုန်းများထဲက “သာတူညီမျှ ရှိစေရမည်” ဆိုတဲ့ အချက်ကို အဓိက ဆွေးနွေးတင်ပြလိုပါတယ်။ “လူတိုင်းတွင် အနည်းနှင့်အများဆိုသလို အတ္တစိတ်များရှိကြသည်ဖြစ်ရာ အတ္တများလွန်ကဲပြီး စိတ်ထင်တိုင်းပြုလုပ်ကြမည်ဆိုလျှင် ဒီမိုကရေစီစနစ် နိုင်ငံရေးတွင် နိုင်ငံသားများ၏ ဒဏ်ခတ်မှုအား မလွဲမသွေခံကြရမည် ဖြစ်သည်။ နိုင်ငံသားများ၏ အကျိုးကို မငဲ့ မျက်ကွယ်ပြု ဆောင်ရွက်လုပ်ကိုင်မည်ဆိုလျှင် လွတ်လပ်ပြီးတရားမျှတသော ဒီမိုကရေစီစနစ်ဖြစ်လာနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မှန်ကန်သော ဒီမိုကရေစီစနစ်ကို အကောင်ထည် ဖော်လိုလျှင် တရားမျှတမှုရှိပြီး သမာသမတ် တန်းတူညီမျှစိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။” လို့ ဖွင့်ဆိုထားပါတယ်။
ဒီအချက်ကို ထောက်ထားပြီး ပြောရင် မြန်မာပြည်မှာ ပြည်သူအများစုက ထောက်ခံအားပေးပါတယ်ဆိုတဲ့ NLD ပါတီ ဦးဆောင်သူတွေမှာ အဲဒီလို သာတူညီမျှ စိတ်ဓာတ်ရှိရဲ့လား။ ၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်သည် အထိ အနိုင်ရခဲ့တယ်။ အာဏာလွှဲပြောင်းရယူပြီး အစိုးရဖွဲ့တယ်။ လွှတ်တော်တွင်းမှာလည်း NLD အမတ်အများစု ရှိနေတယ်။ NLD အစိုးရလက်ထက် လွှတ်တော်တွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတွေကို ပြန်လည်ဆန်းစစ်ကြည့်ရှိ သာတူညီမျှ သဘောထားမျိုး မရှိခဲ့ဘူး။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ရခိုင်လွှတ်တော်အမတ်တွေက သူတို့ရဲ့ သဘောထားကို ဆွေးနွေးတင်ပြတယ်။ NLD အများစု ကြီးစိုးနေတဲ့ လွှတ်တော်က ရခိုင်လွှတ်တော်အမတ်တွေရဲ့ တင်ပြချက်တွေကို မျက်ကွယ်ပြုတယ်။ ဒေါ်စုလုပ်လိုတဲ့ ကိစ္စတွေကိုသာ တစ်ဖက်သတ် အသာစီးယူပြီး အတည်ပြုသွားခဲ့ကြတယ်။ ရခိုင်ပြည်နယ်မှာ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင် ပေါ်ပေါက်လာခြင်းဟာ သက်သေပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တဲ့ မှတ်တမ်းတွေကိုလည်း ပြန်ကြည့်ပါ။ တိုင်းရင်းသားပါတီတွေရဲ့ တောင်းဆိုချက်တွေကို မျက်ကွယ်ပြုထားခဲ့လို့ ပဋိပက္ခတွေ ကြီးထွားခဲ့ပါတယ်။
ယုတ်စွအဆုံး NLD ပါတီ ဟာ အာဏာရလာတဲ့အချိန်မှာ အများပြည်သူနစ်နာမှုများအတွက် ကူညီဖော်ထုတ် တင်ပြတာမျိုးကိုတောင် ခွင့်မပြုဘူး။ ကိုယ်စားတင်လို့ မရဘူး။ ကာယကံရှင်ကိုယ်တိုင် တင်ပြရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်သည်အထိပါပဲ။
အာဏာရတဲ့ အခိုက်အတန့်မှာတော့ ငါ့မြင့် ငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက် ဆိုပြီး လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အာဏာနဲ့ လုပ်ပိုင်ခွင့်ရဲ့ အရသာကို သိပြီး အာဏာသက်ဆိုးရှည်ချင်တဲ့ အခါကြတော့ သာတူညီမျှ သမာသမတ်ရှိဖို့ဆိုတာထက် မသမာတဲ့ နည်းလမ်းနဲ့ မဲလိမ်မဲခိုးပြီး အာဏာသက်ဆိုးရှည်ဖို့ ကြိုးစားရာကနေ လမ်းဘေးရောက်သွားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဒါတွေကို ပြန်လည်ထောက်ပြပြောဆိုခြင်းဟာ ဒီမိုကရေစီကို တကယ်လိုလားရင် ဒီမိုကရေစီ စံနှုန်းတွေကိုတော့ အလေးထားသင့်တယ်။ ပါးစပ်က ဒီမိုကရေစီ အော်နေပြီး လုပ်ရပ်က အာဏာရှင်ဆန်ဆန် လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြတယ်။ ဒီမိုကရေစီအပေါ် သစ္စာဖောက်ခြင်းကြောင့် ဒီမိုကရေစီက ဒဏ်ခတ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။
တိုင်းပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးသင်ခန်းစာများအပေါ်မှာ ပြည်သူများအနေနဲ့က ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ဘဲ အများပြည်သူအကျိုးကို ရှေးရှုစဉ်းစားမယ်ဆိုရင်တော့ NLD လို ပါတီမျိုး ထပ်မံပေါ်ပေါက်လာရင် တိုင်းပြည်ဟာ နောင် ၅နှစ်၊ ၁၀နှစ် ကြာတဲ့အခါ ပြဿနာတွေ ထပ်မံပေါ်ပေါက်လာအုံးမယ်။ ဒီမိုကရေစီ စံနှုန်းတွေကို အလေးထားရကောင်းမှန်း မသိတဲ့ ဒီမိုကရေစီ အရည်ခြုံ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေဟာ အာဏာရမ္မက်ထနေပုံကို အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်း က သက်သေခံနေပါတယ်။
ဒီအပိုင်းမှာတော့ ဒီမိုကရေစီကို အမှန်တကယ်မြတ်နိုးတယ်ဆိုရင် အတ္တလွန်ကဲပြီး တိုင်းဖျက် ပြည်ဖျက် လုပ်မယ့် အဖွဲ့အစည်းမျိုးကို နောက်နောင် ဘယ်တော့မှ မရွေးချယ်မိဖို့ သတိပြုကြရမှာ ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment