(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ


ရန်ကုန်၊ နိုဝင်ဘာ ၂၆

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် ဘွဲ့တံဆိပ်တော်ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) (ဗဟို) သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇသန်လျင်မင်းကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းဥက္ကဋ္ဌ ဦးရဲထွန်း၊ ဒုတိယဥက္ကဋ္ဌများနှင့် YMBA အသင်းသားများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌသန်လျင် မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာ ဘိဝံသထံမှ တက်ရောက်လာကြသူများက အမျိုးသားအောင်ပွဲနေ့ သြဝါဒကထာကို နာကြားကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီစည်သူ ဦးစိုးသိန်းက ဖတ်ကြားသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံ ပြည်ထောင်စုဝန်ကြီး ဇေယျကျော်ထင် စည်သူဦးမောင်မောင်အုန်းကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် မရှိခဏကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တသုဝဏ္ဏထံ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီစည်သူဦးစိုးသိန်းကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် နတ်စင်တစ်ရာကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တပညာတေဇထံတိုင်းမှူး ဇေယျကျော်ထင် ဗိုလ်ချုပ်ဇော်ဟိန်းကလည်းကောင်း လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံ အဘိဓဇအဂ္ဂမဟာ မင်္ဂလဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းဥက္ကဋ္ဌ ဦးရဲထွန်းက ဆက်ကပ်လှူဒါန်းပြီး တိုင်းဒေသကြီးဝန်ကြီးများ နှင့် ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက ဘွဲ့ခံဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့က ဘွဲ့ရဆရာတော်တစ်ပါးနှင့် လူပုဂ္ဂိုလ်များထံ ဘွဲ့တံဆိပ်များဆက်ကပ်ချီးမြှင့်ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးရဲထွန်းက လက်ခံရယူသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးရဲထွန်းက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းကိုပြောကြားပြီး တာဝန်ရှိသူများက လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်များကို ချီးမြှင့်ကြသည်။

ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကို ၁၉၀၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အမျိုးသားအောင်ပွဲနေ့ကို တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်တွင် နှစ်စဉ်ကျင်းပခဲ့ ရာ ၂၀၂၄ ခုနှစ်တွင် (၁၀၄)နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်သည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၏ လုပ်ငန်းစဉ်မှာ “အမျိုးကိုချစ်ပါ၊ ဘာသာကိုလေးစားပါ၊ သာသနာကိုချီးမြှင့်ပါ၊ ပညာကိုအားပေးပါနှင့် YMBA ၏ ဆောင်ပုဒ်မှာ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာနှင့် နိုင်ငံ့အရေးအတွက် အမြဲအသင့်ရှိနေ YMBA” ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)