နေပြည်တော် ၊ နိုဝင်ဘာ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နေပြည်တော်ကောင်စီနယ်မြေအတွင်း ချည်ထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စုတွင် ဝင်ငွေတိုးစီမံကိန်းဖြင့် လက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်အောင်မြင်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ၊ အုန်းတောပရိယတ္တိ စာသင်တိုက်ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာမှ ရပ်မိရပ်ဖများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ထုတ်ကုန်များကို ပြည်ပပို့ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ် ဆောင်ရွက်နိုင်ရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်းဖြင့် တစ်ဦးချင်းဝင်ငွေတိုးလာပြီး နိုင်ငံ့စီးပွားတိုးတက်လာနိုင်ရေး၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ သွင်းကုန်အစားထိုးနိုင်ပြီး ပြည်ပပို့ ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပေါ်ထွန်းလာရေး၊ မိသားစုဝင်ငွေတိုးရေးတို့အတွက် နေပြည်တော်အတွင်းရှိ ကျေးရွာများမှ ပြည်သူများကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးပြီး လုပ်ငန်းထူထောင်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကစပြီး နေပြည်တော်အတွင်း ကျေးရွာ ၁၆ ရွာကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းတွင် ကျေးရွာ ၂၂ ရွာကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်းမှာလည်း ရေဘေးဒဏ်ကြောင့် လယ်ယာမြေများဆုံးရှုံးပြီး လုပ်ငန်းလုပ်ကိုင်ရန် အခက်ခဲရှိသည့် ကျေးရွာများကို အဓိကထားပြီး အသက်မွေးဝမ်း ကျောင်းပညာများ သင်ကြားပေးခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကိုဆောင်ရွက်ပေးရန် လျာထားကြောင်း၊ မြန်မာ့ရက်ကန်းလုပ်ငန်း ပြန်လည်ဦးမော့နိုင်ရေး၊ ပြည်ပသွင်းကုန် လျော့ချနိုင်ရေး၊ ပြည်တွင်းထုတ်ကုန် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်က ချည်ထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေပြည်တော်အတွင်း OROP လုပ်ငန်းလေးခု ဆောင်ရွက်ရန်လျာထားပြီး ချည်ထည် လုပ်ငန်းကိုလည်း ထည့်သွင်းထားသည့်အတွက် ချည်ထည်လုပ်ငန်းတွင် ပါဝင်သည့် လက်ရက်ကန်း လုပ်ငန်းများ အဆင့်မြင့်တင်နိုင်ရေးအတွက် လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပို့ချလိုက်သည့် သင်ခန်းစာများနှင့် ကိုယ်ပိုင်စိတ်ကူးများ ပေါင်းစပ်ပြီး ဒီဇိုင်းများဖန်တီးရေး၊ ဈေးကွက်ဝင်အထည်များ ထုတ်လုပ်နိုင်သည့် လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းကော်မတီဝင်များအား ဝတ်စုံများ ထောက်ပံ့ပေးအပ်ပြီး သင်တန်းတွင် လက်တွေ့သင်ကြားမည့် ရက်ကန်းစင်များ၊ သင်တန်းအထောက်အကူပြုပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါ သင်တန်းဖွင့်လှစ်သည့် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စုမှ သင်တန်းသား/သူ ၁၀ ဦးတို့ကို လက်ရက်ကန်းဒီဇိုင်း တီထွင် ဆန်းသစ်မှုနည်းပညာသင်တန်းကာလ တစ်လနှင့် မွမ်းမံလက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှု နည်းပညာသင်တန်း ၁၅ ရက် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သင်တန်းကာလအတွင်း ဘာသာရပ် စုစုပေါင်း ၁၀ မျိုးကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ကာ သင်တန်းပြီးပါက ကျေးရွာမှ သင်တန်းဆင်းများထဲမှ ထူးချွန်ပြီး အမှန်တကယ် လုပ်ငန်းပြန်လည် လုပ်ကိုင်မည့်သူ ငါးဦးကို ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်သည်အထိ တစ်ဦးလျှင် လက်ရက်ကန်း စင်တစ်စင်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားလစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား လယ်ဝေးမြို့နယ်(ခုတင်-၁၀၀) ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များက ကျန်းမာရေး အခမဲ့စောင့်ရှောက်ပေးနေမှုနှင့် အငြိမ်းစားလစာ ထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီမှ ထောက်ပံ့သည့် ဆန်နှင့် ကြက်ဥများကို အငြိမ်းစားဝန်ထမ်း တစ်ဦးချင်းစီ ထောက်ပံ့ပေးအပ်ကာ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်အတွင်းရှိ ဆင်အုံကန်တွင် ဒက္ခိဏသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် စက်တပ်ရေယာဉ် မောင်းသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ဒက္ခိဏသီရိမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ရာဇာဖြိုးက စက်တပ်ရေယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းသားများအား နေပြည်တော် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့သည် ဆန်အိတ်များကို ပေးအပ်ပြီး ဆင်အုံကန်အတွင်း စက်တပ်ရေယာဉ်စမ်းသပ်မောင်းနှင်ခြင်း သရုပ်ပြသမှုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ရေပြင်အသက် ကယ်လုပ်ငန်းသုံပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ စက်တပ်ရေယာဉ်စမ်းသင်မောင်းနှင်ခြင်း သင်တန်းကို ဒက္ခိဏသီရိမြို့နယ်အတွင်းမှ သင်တန်းသား ၂၀ ဦးဖြင့် ငါးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ Park Royal Hotel နှင့် Horizon Lake View Resort တို့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ် မီးသုံးစွဲနေမှု အခြေအနေများ၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာအုပ်စု၊ မယ်ဇလီကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၆၆၉ တွင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စိုက်ပျိုးရေရရှိရေးအတွက် ပေ ၂၀၀ စက်ရေတွင်း ဆိုလာရေတင်စနစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် နေပြည်တော်ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ နေပြည်တော်မြို့မဈေးအနီး သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား သန့်ရှင်းသာယာလှပရေးအတွက် အမြန်ဆုံးဆောင်ရွက်နိုင်ရေးမှာ ကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment