ကျွန်းစု၊ နိုဝင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် New Myanmar Renewable Energy Company Limited မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆိုလာလျှပ်စစ်စီမံကိန်းနှင့် အသေးစား ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူ သဘောထားရယူခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီခွဲ အချိန်က ကျွန်းစုမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။
နိုင်ငံတော်၏ လျှပ်စစ်ကဏ္ဍလိုအပ်ချက်အား တစ်စိတ်တစ်ပိုင်း အနေဖြင့် ပါဝင်ဖြည့်စွမ်းပေးရန်၊ မဟာဓါတ်အားလိုင်း မရောက်ရှိသေးသော ဒေသများအတွက် လျှပ်စစ်ဓါတ်အား ရရှိလာစေရန်၊ ကျွန်းစုမြို့နယ်အတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စသည်ကဏ္ဍ အသီးသီးအတွက် ၂၄ နာရီ လျှပ်စစ်ဓါတ်အား လုံလောက်စွာ ရရှိနိုင်ရေး၊ ဒေသခံများ၏ လူမှုစီးပွားဘဝမြှင့်မားတိုးတက်လာစေရန်နှင့် သက်သာသော ဈေးနှုန်းများဖြင့် လျှပ်စစ်ဓါတ်အား ရရှိရေး စသည် ရည်ရွယ်ချက်များဖြင့် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး New Myanmar Renewable Energy Company Limited မှ စီမံကိန်းမန်နေဂျာ ဦးစောမူးဒီ က ၇.၈ မဂ္ဂါဝပ် ဆိုလာစနစ် လျှပ်စစ်စီမံကိန်းရှေ့လုပ်ငန်းများနှင့် ၃.၆ မဂ္ဂါဝပ်အသေးစားရေအားလျှပ်စစ်စီမံကိန်း ရှေ့လုပ်ငန်းစဉ်များ၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားအလုပ်အကိုင်အခွင့်အလမ်းများ၊ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး E Guard Environmental Services မှ ပတ်ဝန်းကျင်ဆိုင်ရာ အဓိကအကြံပေးပုဂ္ဂိုလ် ဒေါက်တာသန်းခင်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment